8 w - Translate

"မတ်လ၁၂ရက်နေ့ကျရင် ငါ့မင်္ဂလာဆောင်ရှိတယ်စိမ့်....နင်လာချင်
လား....မင်္ဂလာဆောင်လို့သာပြောတာပါ...ရွာမှာပဲရွာနီးနားပတ်လည်
ကမိတ်ဆွေတွေအမျိုးတွေနဲ့ပဲအကျဉ်းချုံးပေါ့..."

" မင်္ဂလာပွဲဆိုတာ လာချင်လားလို့ မေးရတဲ့ပွဲမှန်း နင်မေးမှပဲငါသိတော့
တယ်ဝေ...."

ဖုန်းထဲကသူ့ရယ်သံသဲ့သဲ့ကိုကြားရသည်။

ဝေ ပျော်နေလေသလား..။သူကမြတ်နိုးရတဲ့...သူကတန်ဖိုးထားရတဲ့
အမျိုးသမီးလေးနဲ့ရွှေလက်တွဲဖို့ရာ ဝေပျော်နေမှာပေါ့....။

ကိုယ့်မေးခွန်းကိုကိုယ့်ဘာသာအဖြေပြန်ပေးမိသွားပြန်သည်။

တစ်ခါတစ်လေ ညိုညိုစိမ့်...ဆိုတဲ့မိန်းမကိုသူမမုန်းမိသည်။

ညိုညိုစိမ့်ဟာ ရှေ့ရေးတွေနောက်ရေးတွေကိုတော်တော်လေးကြိုမြင်
တတ်သည်။ကြိုတွက်တတ်သည်။အငြင်းသန်သည်။အချက်ကျကျ
ထောက်ပြတတ်သည်။အကျိုးသင့်အကြောင်းသင့်သိပ်ရှိလှသည်။

ပြီးတော့ သိပ်ပြီးလက်တွေ့ဆန်လှသေးသည်။

ခုနကလိုတွေပေါ့....။
တစ်ခုခုကိုမေးခွန်းထုတ်ပြီးရင် အမေးခံရသူဆီကအဖြေမရသေးခင်
ကိုယ့်ဘာသာတွက်ချက်အဖြေထွက်ပြီးသွားတာမျိုး....။

" အဲဒီတော့..."

" ဘာကိုအဲဒီတော့လဲ ဝေ....နင့်မင်္ဂလာဆောင်မှာ ငါရှိခြင်းမရှိခြင်းဟာ
ဘာများအရေးပါသေးလို့လဲ....နင်ကနင့်သတို့သမီးနဲ့နင်လေ....
ငါ့ဆီကဘာမျှော်လင့်စရာကျန်နေသေးလို့ အဲဒီမေးခွန်းကိုမေးတာလဲ..."

သူ့ရယ်သံကိုထပ်ကြားရပြန်သည်။

ဝေဟာ ခဏလေးအတွင်းမှာကိုရယ်နေတာ ခဏခဏရှိနေပြီ...။

ပြီးတော့....အဲဒီရယ်သံတွေက သိပ်အဓိပ္ပာယ်မရှိပဲ အကြောင်းမဲ့သက်
သက်ပဲ မှန်း ကိုယ်ဟာသိနှင့်နေရပြန်သည်။

" ညိုညိုစိမ့်....နင်ကသိပ်ကိုစာအုပ်ကြီးဆန်တဲ့မိန်းမပဲ...နင့်ဆီမှာလေ
နည်းနည်းပါးပါးစိတ်ကူးယဉ်ဆန်ဆန်တွေးတတ်တဲ့အတွေးတွေမရှိ
တတ်ဘူးလား....တစ်ခါတစ်လေငါတွေးဖူးတယ်....နင့်ဆီမှာလေ
ဖြူ့လို နူးညံ့သိမ်မွေ့ခြင်းရဲ့တစ်ဝက်လောက်သာရှိရင်သိပ်ကောင်းမှာလို့..."

" တော်စမ်းပါနိုင်နိုင်ဝေရာ....ငါ့ကိုဘယ်သူနဲ့မှစံမထိုးစမ်းပါနဲ့....ငါက
ငါပဲ....."

ဖုန်းမချဖြစ်ကြသေးပေမယ့် နှစ်ယောက်လုံးစကားမပြောဖြစ်....။

အချိန်တော်တော်လေးကြာသွားသည်။

ကိုယ်ကတော့အိမ်ကကြိုးဖုန်းနဲ့မလို့ကိစ္စမရှိပေမယ့် သူကတော့သူတို့
ရွာကနေလေးငါးရွာဝေးကွာတဲ့ရွာမှာရှိသော pco ဖုန်းနဲ့ပြောနေရတာ
ကြောင့် ဖုန်းခအတော်ကျတော့မှာပဲ...။

" နောက်ဆုံးမျှော်လင့်ချက်ဆိုတာရှိတယ်မလားညို....ရေနစ်နေတုန်းမှာ
ကောက်ရိုးလေးတစ်မျှင်ကိုပဲဖြစ်ဖြစ် အားကိုးတကြီးဆွဲဆုပ်အားကိုးချင်
ကြတာမျိုးလေ....ပြောလို့ရမလား....တကယ်လို့များပေါ့....နောက်ဆုံး
စည်းကိုမကျော်သေးခင်မှာ နင့်ကိုများတွေ့ရရင် ငါ့စိတ်ကူးတွေဘယ်လို
ပြောင်းသွားနိုင်သေးလဲဆိုတာ....ငါသိချင်သေးတယ်...."

" နင်ဟာအတော်ကိုအတ္တကြီးပြီး လူမဆန်တဲ့သတ္တဝါပါပဲလားဝေ...."

" အင်း....ငါအခုနင့်ရဲ့အဲဒီဆူပူဆဲရေးတဲ့အသံကိုလိုအပ်နေတာပဲညို...
သိလား...ငါ နင့်ကိုအရမ်းလွမ်း....."

" ဟေး....တာဝန်မယူနိုင်တဲ့စကားတွေနဲ့ဝန်ပိအောင်မလုပ်ကြေး ဝေ...
နင်လည်းသိတယ်...ငါလည်းသိတယ်....နင်နဲ့ငါက နေနဲ့လပဲ....
ကောင်းကင်ကြီးတစ်ခုတည်းမှာတည်ရှိလို့သာနီးစပ်နေတယ်ထင်ရပေ
မယ့် ငါတို့ကလုံလုံလောက်လောက်ကိုဝေးကွာနေပြီးသားနော်...နင်ရူး
ကြောင်ကြောင်စကားတွေဆက်ပြောမယ်ဆို ငါဖုန်းချမယ်...."

" ဆောရီးညို.....ငါခဏစိတ်လွတ်သွားတာထင်တယ်...."

" မတ်လ ၁၂ရက်နေ့ နင့်မင်္ဂလာဆောင်ကိုငါမလာဘူးဝေ...ပြီးတော့..
နင်တို့ပျော်ရွှင်ပါစေလို့လည်း အပိုလုပ်ပြီးဆုတောင်းမပေးဘူး..နင်တို့ရဲ့
ဘဝ...နင်တို့ရဲ့အနာဂတ် ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းကို နင်တို့ဘာသာ
ဆုံးဖြတ်....တစ်ခုပဲ...ဘယ်တော့မှငါ့ဆီလှည့်မကြည့်နဲ့...ဘာကြောင့်မှ
ငါ့နဲ့နှိုင်းယှဉ်ပြီးစံမထိုးနဲ့...."

အဲဒီနေ့က ၂၀၀၄ ခုနှစ် မတ်လ ၅ရက်နေ့....။

ဒီနေ့ဆိုရင်တော့.....အနှစ်နှစ်ဆယ် တင်းတင်းပြည့်ခဲ့ပြီပဲဆိုပါတော့.....။

💙💙💙💙💙

ဝေ....

ညတာရာလင်း(ထားဝယ်)
5.3.2024
8:27pm

image