The Best ဖီဖာအမျိုးသားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီနှင့် ရိုနယ်ဒိုလ် ပါဝင်
နိုဝင်ဘာ ၃၀
၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် The Best ဖီဖာဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းတွေ ထုတ်ပြန်ခဲ့တာမှာ အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ပါဝင် ခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်နဲ့ အင်တာမိုင်ယာမီအသင်းအတွက် စွမ်းဆောင်ခဲ့တဲ့ အရာတွေကြောင့် အမျိုးသားအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေခဲ့တာပါ။
အမျိုးသားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီ အပါအဝင် ကစားသမား ၁၁ ဦး ပါဝင်ခဲ့ပါတယ်။
သူတို့တွေကတော့ ကာဗာဂျဲလ်၊ ဟာလန်း၊ ဗယ်လ်ဗာဒီ၊ ဖလော်ရီယန်ဗစ်ဇ်၊ ဘယ်လင်ဂမ်၊ ဘတ်ပီ၊ ယာမဲလ်၊ ရိုဒရီ၊ တိုနီကရူးစ်နဲ့ ဗီနီစီးယက်စ်တို့ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကလည်း The Best ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံး တိုက်စစ် ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ မက်ဆီနဲ့အတူ ပါဝင်နေခဲ့တာပါ။
The Best ဖီဖာဘောလုံးဆုအတွက် အမျိုးသမီးဆု၊ ဂိုးသမားဆု၊ နည်းပြဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေ အတွက်လည်း ဆန်ခါတင် စာရင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာ ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုရဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ နောက်ပြောင်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ပါဝင်ခဲ့တာပါ။
အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီ၊ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေး၊ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုတို့ ပါဝင်ခဲ့ပါတယ်။
အမျိုးသားဂိုးသမားဆုအတွက် ဆန်ခါတင် စာရင်းမှာတော့ လူနင်၊ ဒေးဗစ်ရာယာ၊ အီဒါဆန်၊ မာတီနက်ဇ်၊ ဒွန်နာရမ်မာ၊ မိုက်ဂ်နမ်နဲ့ အူနှိုင်းဆိုင်မွန်တို့ ပါဝင်နေခဲ့တာပါ။
The Best ဖီဖာဘောလုံးဆုပေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပုံ - ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်
#centralnewsnaypyitaw