အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့် စီးပွားရေးမြှင့်တင်နိုင်ရန် ဆွေးနွေး
အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဆီယံ-ကိုရီးယားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇) ရက်အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “Towards Enhanced ASEAN-ROK Partnership in Creative Economy” ခေါင်းစဉ်အောက်တွင် အစီအစဉ် (၄) ခု အဖြစ် အာဆီယံ-ကိုရီးယား ဆန်းသစ်သော စီးပွားရေးမိတ်ဖက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ဆန်းသစ်သော ကဏ္ဍဆိုင်ရာ စကားဝိုင်း၊ အာဆီယံ-ကိုရီးယား ဆန်းသစ်မှုပြပွဲနှင့် ဖျော်ဖြေပွဲတို့ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များမှ တစ်ဆင့် အာဆီယံ ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန်နှင့် ယင်းသို့ မြှင့်တင်ခြင်းမှ တစ်ဆင့် အာဆီယံ ဒေသတွင်း၌ ရရှိလာမည့် အခွင့်အလမ်းများအပေါ်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။