ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တိုက်ရိုက်ဆွေးနွေးဖို့ ကြိုးပမ်းနေ
နိုဝင်ဘာ ၂၇
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ခြေကို ထရန့်ရဲ့ အသွင်းကူးပြောင်းရေးအဖွဲ့က ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရန့်ကတော့ အပြီးသတ်ဆုံးဖြတ်ချက်ကို မချရသေးဘူးလို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာက ဆိုပါတယ်။ထရန့်ဘက်က ကနဦးရည်မှန်းချက်ကတော့ အခြေခံအားဖြင့် မြောက်ကိုရီးယားနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ဖြစ်တယ်လို့ ဒီကိစ္စကိုသိရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး နောက်ထပ်မူဝါဒ ရည်မှန်းချက် သို့မဟုတ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖို့အတွက် တိကျတဲ့ အချိန်ဇယား သတ်မှတ်ထားတာမရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမယ့်လည်း ဒီကိစ္စဟာ ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်းတို့လို ပိုမိုဖိအားများတဲ့ နိုင်ငံခြားရေးမူဝါဒတွေကြောင့် နောက်ပြန်ဆုတ်သွားနိုင်တယ်လို့လည်း သတင်းရင်းမြစ်တယောက်က ရိုက်တာကို ပြောပါတယ်။
ထရန့်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ်သမ္မတသက်တမ်းအတွင်းမှာ ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းစင်ရေး ရည်ရွယ်ပြီး မြောက်ကိုရီးခေါင်းဆောင်ကင်ဂျုံအန်နဲ့ သုံးကြိမ်တိုင် လူချင်းတွေ့ဆုံ ထိပ်သီးဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့်လည်း နှစ်ဘက်အကြား သဘောထားကွဲလွဲမှုတွေကြောင့် ရည်မှန်းချက်တွေ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ထရန့်ရဲ့ အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း အဲလက်ဝေါင်ဟာ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးအဖြစ် ထရန့်က ရွေးချယ်ထားပြီး သူဟာ ကင်ဂျုံအန်နဲ့ ထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲတွေအတွက် စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။
Ref:NHK
Photo:AFP
#centralnewsnaypyitaw