လာမည့်လဆန်းမှ စတင်၍ မူဆယ်နယ်စပ်ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းတင်ဆောင်မည့် ယာဉ်နှင့် ဆိုင်ကယ်များ သက်ဆိုင်ရာခွင့်ပြုမိန့်ပါရှိရမည်
နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်စပ်ရှိ ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းတင်ဆောင်မည့် ယာဉ်နှင့် ဆိုင်ကယ်များ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ သက်ဆိုင်ရာမှ သတ်မှတ်ထားသော ခွင့်ပြုမိန့်များ ပါရှိရမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့နယ်အတွင်း စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့် ငါးများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး၊ အေးခဲသားများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ တင်ဆောင်ခွင့်မပြုတော့ကြောင်း သိရသည်။
အိမ်စီးကားများဖြင့် ကုန်ပစ္စည်းတင်ဆောင်ခြင်း၊ စက်ဘီး၊ လက်တွန်းလှည်းများဖြင့် တင်ဆောင်ခြင်းများကို လုံးဝ(လုံးဝ)ခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင်လည်း စားသုံးရန် ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့် ငါးများကိုသာခွင့်ပြုမည်ဖြစ်ပြီး၊ အလွန်အကျွံတင်ခြင်း ခွင့်မပြုဘဲ နောက်တွင် တစ်ထုပ်၊ ရှေ့တွင် တစ်ထုပ်သာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
တရားဝင် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံ နံပါတ်တပ် ယာဉ်များသာ တရုတ်နိုင်ငံဘက်သို့ ဆင်ဖြူဂိတ်မှ တဆင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရန် ခွင့်ပြုရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။
မူဆယ်မြို့နယ်စပ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ တပိုင်တနိုင် ကုန်သယ်ယူခွင့်ကို တရုတ်နိုင်ငံဘက်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်တွင် ပိတ်ပင်ခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်တွင် ဆင်ဖြူနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
#centralnewsnaypyitaw