ပါကစ္စတန်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွား

နိုဝင်ဘာ ၂၇

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(Imran Khan) ကို ထောက်ခံသူများက နိုဝင်ဘာ ၂၆ ရက် တွင် ခမ်းအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဆန္ဒပြသူများသည် ရဲတပ်ဖွဲ၏ တားဆီးမှုကို ဖီဆန်ပြီး အစ္စလာမ်မာဘက် (Islamabad ) မြို့တော် ခန်းမအနီး ဝင်ရောက်လာချိန်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်။

ကျောက်ခဲများ၊ လေးခွများ ကိုင်ဆောင်ထားသည့် သောင်းနှင့်ချီသည့် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး မြို့တော်ခန်းမကို စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။

ခမ်းသည် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ထိုရွေးကောက်ပွဲ၌ အကွက်ဆင်မှုရှိခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆခဲ့သည်။

ထို့ပြင် ခမ်းသည် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်ခွင့် တားမြစ်ခံရနိုင်သည့် ဒါဇင်နှင့်ချီသော တရားရေး အမှုအခင်းများနှင့် ရင်ဆိုင်နေရသည်။

ခမ်း၏ PTI ပါတီကမူ အစိုးရ၏ ဖြိုခွင်းမှုများကို ဖီဆန်ပြီး စုရုံးဆန္ဒပြမှုများကို ပုံမှန်ပြုလုပ်ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ဆန္ဒပြမှုသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ခမ်း အကျဉ်းချခံခဲ့ရ ပြီးနောက် အစ္စလာမ်မာဘက်မြို့တွင် ပြုလုပ်သည့် အကြီးဆုံး ဆန္ဒပြမှုဖြစ်သည်။

ထိုဆန္ဒပြမှုအတွင်း အရံတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများသည် တရားဥပဒေကို ဆန့်ကျင်သူများဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မိုရှင် နက်ဗီ (Mohsin Naqvi) က ပြောကြားခဲ့သည်။

ထိုလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကားတစ်စီးဖြင့် အတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကလည်း ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲအရာရှိ ၁ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

Source - Nikkei Asia

ပုံ - ပါကစ္စတန်မှာ ဆန္ဒပြနေကြသူများကို တွေ့ရစဉ်

#centralnewsnaypyitaw

image