ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ်သိန်းရာချီ လိမ်လည်ရယူသည့် တရားခံ (၅) ဦးအား ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကျပ်(၃၁၆) သိန်းအား အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား (၅) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်များအရ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အမြန်လမ်းမကြီး (Zero) မိုင် တိုးဂိတ်၌ မကွေးတိုင်း ဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်ပေါ်မှ ဖုန်းဖြင့် ဆက်သွယ်၍ ငွေကြေးလိမ်လည်မှုကျူးလွန်သူများဖြစ်ကြသည့် သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင် (၂၃) နှစ်၊ စိုးရာဇာဟိန်း (ခ) အောင်ထိုက်(ခ)လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ်တို့ (၂)ဦးနှင့် မသင်္ကာတရားခံများ ဖြစ်ကြသည့် ဘိုဘိုထွန်း (၂၀) နှစ်၊ အောင်ဇာနည်ဖြိုး (၂၀) နှစ်၊ စိုးသီဟ (ခ) ဖြိုးသီဟဇော် (၃၂) နှစ်တို့ (၅) ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅) ခု၊ KBZ Bank MPU ကတ် (၁) ခု၊ AYA Bank MPU ကတ် (၁) ခု၊ YOMA Bank MPU ကတ် (၁) ခု၊ ငွေ (၂၈၀,၀၀၀) ကျပ်၊ စိန်လက်စွပ် (၁) ကွင်း၊ ရွှေဖြင့် ပြုလုပ်ထားသည့် ပီရှူးလက်ပတ်(၁)ခုတို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိတရားခံ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်၏ ထွက်ဆိုချက်အရ ၎င်းသည် အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ခရီးသည်ကြိုသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း ထိုသို့လုပ်ကိုင်နေစဉ် ခင်မင်ရင်းနှီးသူ ဦးဟိန်းခန့်နှင့် ပူးပေါင်း၍ နတ်ကနားစီးအလုပ်လုပ်ကိုင်နေစဉ် အဆောင်မှ Jasmine Palace Hotel သို့ ပြောင်းရွှေ့ကာ စိုးရာဇာဟိန်း (ခ) အောင်ထိုက် (ခ) လင်းမြတ်စံ (ခ) ကိုလင်း၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုး၊ စိုးသီဟ (ခ) ဖြိုးသီဟဇော်တို့နှင့်အတူနေထိုင်ပြီး ကောက်ယူရရှိထားသည့် အောင်ထိုက်နှင့် နှင်းမောင်မောင် လွင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်များအား ပြုပြင်အသုံးပြု၍ KBZ Pay နှင့် Wave Pay အကောင့်များ ဖွင့်လှစ်ကာ ဖုန်းအမှတ် ၀၉ ၅ နှင့်စသည့် ဖုန်းနံပါတ်များအား ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိမ်လည်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ၎င်း၏လက်ကိုင်ဖုန်းအမှတ် ၀၉ ၄၄၇၈၃၆၉၇၈ ဖြင့် လိုက်လံဆက်သွယ်၍ တစ်ဖက်ဖုန်းလက်ခံဖြေကြားသူ၏ သူငယ်ချင်းအဖြစ် အယောင်ဆောင်ပြီး ၎င်းမှာ ကားတိုက်ခံရ၍ ဆေးရုံရောက်နေကြောင်း အရေးပေါ်ခွဲစိတ်ခန်းဝင်ရမည်ဖြစ်၍ ငွေလိုနေသဖြင့် ငွေလွှဲပေးရန် စသည့်ဖြင့် ယုံကြည်အောင်လိမ်လည်ပြောဆိုကာ ရရှိသည့် ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ စက်တင်ဘာ လအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ် (၅၀) သိန်း၊ ဦးတင်အောင်အဖြစ် အယောင် ဆောင်၍ ငွေကျပ် (၅၀) သိန်း၊ ဦးမိုးရွှေအဖြစ်အယောင်ဆောင်၍ ငွေကျပ် (၅၀) သိန်းနှင့် အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၇)သိန်းအားလည်းကောင်း၊ အောက်တိုဘာလအတွင်း အမည်မမှတ်မိအဖြစ် အယောင်ဆောင်၍ ပထမအကြိမ်ငွေကျပ် (၃၀) သိန်း၊ ဒုတိယအကြိမ် ငွေကျပ် (၂၀) သိန်းတို့အား လည်း ကောင်း၊ နိုဝင်ဘာလအတွင်း ဦးသောင်းဌေးအဖြစ် အယောင်ဆောင်၍ ငွေကျပ်(၇၇)သိန်းနှင့် ဗိုလ်ချုပ်ဇင်ယော် အဖြစ် အယောင်ဆောင်၍ ငွေကျပ် (၂၅) သိန်းတို့အားလည်းကောင်း စုစုပေါင်း (၉) ကြိမ် ရရှိငွေကျပ် (၃၁၆) သိန်းအား မိတ်ဆွေသူငယ်ချင်းအဖြစ် ယုံကြည်အောင် လိမ်လည်ပြောဆို၍ ၎င်းတို့အသုံးပြုလျက်ရှိသည့် အောင်ထိုက်နှင့် စိုးသူဝင်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay၊ နှင်းမောင်မောင်လွင်အမည်ဖြင့် ဖွင့်လှစ် ထားသည့် Wave Pay အကောင့်များသို့ လွှဲပြောင်းလက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အယောင်ဆောင်ပြောဆိုကာ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ သက်ပိုင် (ခ) သက်ခိုင် (ခ) ဇော်သက်ပိုင်ပါ တရားခံ (၅) ဦးအား စမ်းချောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈/၄၇၁/၄၁၉/၁၁၄ဖြင့် အမှုရေးဖွင့်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image