32 ပတ် - ဘာသာပြန်ပါ။

Part-1
ရေနံ့သာ ခင်ခင်ကြီး - အပိုင်း(၁)
မောင်သိန်းဆိုင်
မိမိ၏အသက် လေးဆယ့်ငါးနှစ် ပြည့်မြောက်သော နေ့၊ မိမိမွေးနေ့တွင် မိမိကိုယ်ကို အကျဉ်းထောင်၏ မှောင်မည်းလှသော အခန်းငယ်တစ်ခုအတွင်း ရောက်ရှိနေကြောင်း ဒေါ်ရေနံ့သာခင်ခင်ကြီး တွေ့လိုက်ရလေသည်။
သူမ ရောက်ရှိနေသော အခန်းငယ်မှာ ဆယ်ပေပတ်လည်မျှ ရှိပါလေစ မသိ။ အခန်း၏နံရံများမှာ ခိုင်ခံ့သော အင်္ဂတေသား ဖြစ်သည်။ အခန်းတွင် လေဝင်ပေါက်တစ်ခုနှင့် တံခါးမကြီးတစ်ခုရှိသည်။ ခိုင်ခံ့တောင့်တင်းသော သံတိုင် များ စိုက်ထားသည်။ ရံခါတွင် လေသည် လေဝင်ပေါက် သံတိုင်များအကြားမှ အခန်းတွင်းသို့ တိုးဝင်လာတတ်သည်။ ထိုအခါ လေတွင် ဆွတ်ပျံ့ဖွယ်သော ပိတောက်ရနံ့ ရောနှော ပါဝင်လာတတ်သည်။
မနေ့တစ်နေ့ကပင် သင်္ကြန်ရက်များကို ကုန်ဆုံး ဖြတ်ကျော်ခဲ့ရပြီး ဖြစ်ပေသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် သူမ ရောက်ရှိနေသော အခန်းကျဉ်းကလေးအတွင်းမှနေကာ ပြင်ပမှ အသံဗလံများကို နားစိုက်ထောင်နေခဲ့သည်။ သင်္ကြန်အဖွဲ့များ၏ သံချပ်ထိုးသံ၊ သီဆိုတီးမှုတ်သံ၊ အော်ဟစ် မြူးထူးသံများကို သဲ့သဲ့မျှ ကြားခဲ့ရသေးသည်။ သည်တော့မှ သင်္ကြန်ကျလေပကောဟု သိမှတ်ရမိသည်။ သည်တော့မှပင် မိမိ၏ မွေးနေ့မွေးရက်ကို သတိရလာသည်။ တစ်ပြိုင်နက်တည်းမှာလည်း မိမိကိုယ်ကို ပြန်လည်သုံးသပ်ကြည့်မိသည်။ ထိုအခါ မှောင်မည်းကျဉ်းကျပ်သော အကျဉ်းထောင်၏ အခန်းငယ်တစ်ခုအတွင်း ရောက်ရှိနေကြောင်းကို တွေ့ မြင်လာရသည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် အခန်းထဲတွင် လဲလျောင်းလျက်ရှိသည်။ လေဝင်ပေါက်မှနေကာ ပြင်ပသို့ စူးစိုက်ကြည့်နေမိသည်။ ပြင်ပတွင် လသည် ထိန်ထိန်သာလျက်ရှိသည်။ လရောင်သည် အခန်းတွင်းသို့ ရောက်မလာသေး၊ အတော်ကြီး ညဉ့်နက်၍ လတိမ်းစောင်းလေပြီ ဆိုလျှင်မူ လရောင်သည် သူမ'ရှိရာအခန်းငယ်သို့ လှစ်ခနဲ ရောက်ရှိလာတတ်သည်။ သံတိုင်များအကြားမှ ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းလာတတ်သည်။ လသည် မကြာမီမှာပင် သူမအား နှုတ်ဆက်လျက် ကသုတ်ကရက် ပြန်လည် ထွက်ခွာသွားတတ်သည်။ ယခုအချိန်ဆိုလျှင် ပြင်ပရှိ သြကာသလောကတစ်ခုလုံး လရောင်ဖြင့် ရွှေရည်ဆမ်းထားသည့်နှယ် သာတောင့်သာယာ ရှိနေပေလိမ့်မည်၊ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်နေပေလိမ့်မည် ထင်သည်။
“ရေနံ့သာမှာ ဆိုရင်တော့ ...”
ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် တစ်ပိုင်းတစ်လက်စ အတွေးတစ်ရပ်ကို တွေးလိုက်မိသည်။ ထိုအခါ ရင်ထဲမှာ လှုပ်ရှားလာလေသည်လား မပြောတတ်။ ရေနံ့သာမှာဆိုလျှင်တော့ လရောင်ကို စိတ်တိုင်းကျ ခံစားရမည်ပင်။ လရောင်ဖြင့် သည်သို့ ဆွတ်ပျံ့ဖွယ်ကောင်းလှအောင် သာတောင့်သာယာ ရှိလာခဲ့ပြီဆိုလျှင် ပေါ်သစ်ဦးလ၏ အလင်းရောင်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး သတိတရ ခံစားတတ်လေ့ရှိသည်။ လရောင်သည် အခန်းတွင်းသို့ ချင်းနင်း ဝင်ရောက် လာတတ်သည်။ အခန်းကြမ်းပြင်ပေါ်မှာ ကြာမြင့်စွာ ထင်ဟပ်နေလေ့ရှိသည်။ ရေနံ့သာခြံဝင်းအတွင်းမှ ပန်းပေါင်းစုံတို့၏အနံ့အသက်များကို ဆောင်ယူလာကာ သူမ အပါးတွင် ပျံ့နှံ့စေတတ်သည်ချည်း။
ရနေံ့သာ။
ရန်ကုန်မြို့ ပြည်လမ်း ခုနစ်မိုင်ခွဲနှင့် ရှစ်မိုင်အကြားတွင် ကျယ်ဝန်းပြန့်ပြောသော ခြံကြီးတစ်ခြံရှိသည်။ ခြံကြီးမှာ အမျိုးမျိုးသော သီးပင်စားပင်တို့ဖြင့်လည်း ဝေဆာလျက် ရှိသည်။ အစုံစုံသော ပန်းပင်ပန်းအိုးတို့ဖြင့်လည်း သာယာ လျက်ရှိသည်။ လမ်းနှင့်ဝေးလံသောနေရာတွင် ခေတ်အမီဆုံးပုံစံဖြင့် တည်ဆောက်ထားသည့် နှစ်ထပ်တိုက်တစ်လုံး ရှိသည်။ ခြံဝင်းသို့ဝင်ရာ တံခါးပေါက်အုတ်တိုင်တွင် ကြေးသားပြားကို ထွင်းလျက် ရေးထိုးထားသော စာအရ အိမ်ခြံဝင်း၏အမည်ကို လူတို့ သိကြရသည်။
'ရေနံ့သာ' တည်း။
ဒေါ်ရေနံ့သာ ခင်ခင်ကြီး။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးသည် ယင်းခြံပိုင်ရှင်၊ ရေနံတွင်းစားရိုး၊ ချမ်းသာကြွယ်ဝသော အမျိုးသမီးကြီးတစ်ဦး။ ဤသည်ကို လူတို့ ယေဘုယျ သိထားကြသည်။ လူတို့သည် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် စပ်လျဉ်း၍ စကားပြောဖြစ်ကြပြီဆိုလျှင် ဒေါ်ရေနံ့သာခင်ခင်ကြီး ဟူသောအမည်ကို အထူးတလည် သတိထားမိတတ်ကြသည်။ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးသူများအဖို့ ယင်းအမည်ကိုခေါ်ဆိုရန် ရှည်လျားသည်။ ဆန်းကြယ်သည်။ ရင်းနှီးကျွမ်းဝင်သူများအဖို့တွင်လည်း ယင်းအမည်ကိုခေါ်ဆိုရန် ရှည်လျားသည် မထင်ရစေကာမူ ဆန်းကြယ်မှုကိုကား ခံစားရတတ်မြဲပင်။
အချို့က ရေနံ့သာအိမ်ကို ပိုင်ဆိုင်သောကြောင့် ဒေါ် ရေနံ့သာခင်ခင်ကြီးဟု တွင်သည် ဆိုကြ၏။ အချို့ကမူ ရေနံချောင်းခေါ် ရေနံ့သာမြို့သူ ဖြစ်ခြင်းကြောင့် ယင်းအမည်ကို ရခဲ့သည်ဟု ယူဆကြသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးဟု ​ဝေးနီးနှံ့စပ် ကျော်ကြားထင်ရှားရခြင်း အကြောင်းတစ်ရပ် ရှိသေးသည်။ ၎င်းမှာ ဒေါ်ရေနံ့သာ ခင်ခင်ကြီးကိုယ်၌က သူမအား ဒေါ်ခင်ခင်ကြီးဟု ခေါ်ဆိုသည်ကို မကြိုက်၊ မနှစ်သက်။ တစ်စုံတစ်ယောက်က သူမ၏အမည်ကို သုံးစွဲရာ၌ ရှေ့မှ ရေနံ့သာ မပါလျှင် ငြူစူချင်သည်။ သူမကိုယ်တိုင်လည်း ဘဏ်ချက်လက်မှတ်စာအုပ်တွင် လက်မှတ်ထိုးသည်ကအစ ရေနံ့သာ ခင်ခင်ကြီးဟု ရေးထိုးတတ်မြဲ။
ခင်မင်ရင်းနှီးသူတစ်ဦးထံ စာရေးသားသည်ဆိုပါစို့။ စာအစတွင် ကျွန်မ ရေနံ့သာ ခင်ခင်ကြီး စာရေးအကြောင်းကြားပါသည် စသည်ဖြင့် ရေးတတ်မြဲ။ ယုတ်စွအဆုံး ရုံးပြင်ကနားဆိုင်ရာ အရေးအခင်းများနှင့် စပ်လျဉ်း၍ တင်သွင်းသော စာများတွင်ပင် ကျွန်မ ရေနံ့သာခင်ခင်ကြီး အစီရင်ခံပါသည်ဟု ရေးတတ်ခဲ့မြဲပင်။ သို့ဖြင့် လူအပေါင်းတို့အကြားတွင် ရေနံ့သာခင်ခင်ကြီးဟု အမည်သတင်းကျော်ဇောခဲ့သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီး အမည်ကသာ ထူးခြားသည် မဟုတ်သေး၊ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ရုပ်သွင်နှင့် ပတ်သက်၍လည်း ထူးခြားသည်ဟု လူတို့ ပြောစမှတ်ပြုလေ့ရှိကြသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ ရုပ်သွင်မှာ အခြားသော နေရာများတွင် သာမန် ချမ်းသာကြွယ်ဝသူတစ်ဦး၏ ရုပ်ရည်သွင်ပြင်မျိုးပင် ဖြစ်သည်။ အသားအရေ နူးညံ့သည်။ အမူအရာ သိမ်မွေ့သည်။ အခြားသူများနှင့် ခြားနားခြင်း မရှိလှ။ သို့ရာတွင် ဒေါ်ရေနံ့သာခင်ခင်ကြီး၏ မျက်နှာတွင် ရှိသော မှဲ့ရှင်တစ်လုံးသည်ကား ထူးခြားခြင်းကို အစဉ်ဆောင်သည်။ မှဲ့သည် လက်ယာဘက် နှုတ်ခမ်းအကွေးအစွန်းတွင် ရှိသည်။ ရွေးစေ့ငယ်ခန့်ရှိသည်။ မှဲ့ရှင်တွင် ရွှေရောင်အမွေးအမှင် သုံးလေးချောင်း ပေါက်ရောက်နေသည်။
မေတ္တာဖြင့်
သောကြာကြိုက်သောစာစုများ စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။

image