ပါကစ္စတန်မှာ ခရီးသွားယာဉ်တန်းကို သေနတ်သမားတွေတိုက်ခိုက်လို့ ၄၀ ကျော်သေ
နိုဝင်ဘာ ၂၃
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဝေးလံခေါင်သီသည့်ဒေသမှာ ခရီးသွားယာဉ်တန်းတခုကို အမည်မသိသေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် လူ ၄၀ ကျော်သေဆုံးသွားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီယာဉ်တန်းဟာ ပါကစ္စတန်နိုင်ငံ ကာရာမျိုးနွယ်စုခရိုင်အတွင်း ဖြတ်သန်းသွားလာစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ဒေသဆိုင်ရာ လက်ထောက်ရဲမင်းကြီးက ပြောပါတယ်။
သေနတ်သမားတွေဟာ ယာဉ်တန်းရဲအစောင့်အကြပ်တွေကို ကနဦးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ကျန်ခရီးသွားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ယခုနှစ်အတွင်း လူဒါဇင်များစွာ သေဆုံးခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုများပြီးနောက် အဲဒီဒေသမှာ ယာဉ်တန်းများကို ရဲတပ်ဖွဲက အကာအကွယ်ပေးခဲ့ကြရပါတယ်။
လက်ရှိ တိုက်ခိုက်မှုကြောင့် ၂၀ ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် တိုက်ခိုက်ရာမှာ သေနတ်သမား ၁၀ ယောက်ထက်မနည်းပါဝင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အဲဒီဒေသဟာ ဆွန်နီနဲ့ ရှိးယိုက်မွတ်ဆလင်မျိုးနွယ်စုတွေအကြား ယခုနှစ်အတွင်း အကြိမ်ကြိမ်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူမျိုးစုကောင်စီရဲ့ တောင်းဆိုမှုကြောင့် ပဋိပက္ခတွေ လျော့နည်းသွားပေမယ့် ပြီးခဲ့တဲ့လအတွင်းက ခရီးသည်ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:AFP/AP
#centralnewsnaypyitaw


