ပြည်သူများ၏ မျှော်မှန်းသက်တမ်းမြင့်မားစေရန်နှင့် လူတိုင်းလက်လှမ်းမီသည့်ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရရှိရန် တိုင်းရင်းဆေးသမားတော်များနှင့် လုပ်ငန်းရှင်များက တိုင်းရင်းဆေးကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း

နိုဝင်ဘာ ၂၃

ပြည်သူများ၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေရန်နှင့် လူတိုင်းလက်လှမ်းမီ အရည်အသွေးပြည့်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးရရှိစေရန်အတွက် တိုင်းရင်းဆေးသမားတော်များနှင့် လုပ်ငန်းရှင်များက တိုင်းရင်းဆေးကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း မှာကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့အချိန်အခါသည် နိုင်ငံတော်၏ အမျိုးသားရေး ဦးတည်ချက် တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် သည် အဓိကကျပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာ ရှင်များနှင့်သာ နိုင်ငံတော်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အဆင့်အတန်းမြင့်မားလာစေရေးအတွက် ပုံဖော်စွမ်းဆောင်နိုင်မည့် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပြီး မြန်မာ့တိုင်းရင်း ဆေးပညာရှင် လူ့စွမ်းအား အရင်းအမြစ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကြောင်း ပြောသည်။

“ပြည်သူများရဲ့ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေဖို့နဲ့ လူတိုင်းလက်လှမ်းမီ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးရရှိစေဖို့အတွက် တိုင်းရင်းဆေးသမားတော်များနဲ့ လုပ်ငန်းရှင်များ ကလည်း တိုင်းရင်းဆေးကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ ဒီနှစ် နှီးနှောဖလှယ်ပွဲမှာ စာတမ်း(၁၃)စောင်ကို ဖတ်ကြားသွားမယ်လို့ သိရပါတယ်။ အဲဒီစာတမ်းတွေမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာဆေးဝါးတွေ၊ ကုထုံးတွေ ပါဝင်နေတာတွေ့ရှိရတဲ့အတွက် တိုင်းရင်းသားတွေ လက်တွေ့အသုံးပြုနေတဲ့ အဆိုပါဆေးဝါးတွေနဲ့ ကုထုံးတွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိ အသုံးပြုနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ အလေးထား မှာကြားလိုပါတယ်။” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဆက်လက်ပြီး အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသည့် အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူသုံးစွဲနိုင်ရန်အတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပြီး မှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ ဆောင်ရွက်ပြီး သုတေသနများကို မှတ်ကျောက် တင်နိုင်ရန်အတွက် နှစ်စဉ် စာတမ်းဖတ်ပွဲများကို ကျင်းပပေးခဲ့ရာမှာ ယခုနှစ်မှာ (၁၃) ကြိမ်မြောက် တိုင်းရင်း ဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထိုကြောင့် တိုင်းရင်းဆေးသမားတော်များ၊ သုတေသနပညာရှင်များ၊ ဆေးဝါးပညာရှင်များ၊ နှီးနွှယ်ပညာရှင်များနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ အားလုံးတို့က မျက်ခြည်မပြတ် ဆန်းစစ်လေ့လာပြီး ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။

“ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ တိုင်းရင်းဆေး ဆိုင်ရာ ကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းရင်းဆေးပညာကို ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံတကာကို ပညာသင်များစေလွှတ်ပြီး နည်းပညာများ သင်ယူခြင်း၊ မျှဝေခြင်း၊ မိမိနိုင်ငံနဲ့လိုက်လျောညီထွေ ပြန်လည်အသုံးချပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် တာတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထိုအပြင် မြန်မာ့တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး (MSME) လုပ်ငန်းများကို အိမ်တွင်းစက်မှု လုပ်ငန်း အဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်မှသည် ပြည်ပပို့ကုန်အထိ ဖြစ်စေရေးအတွက် တိုင်းရင်းဆေးဝါးများကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ကြမည်ဆိုပါက နိုင်ငံ့ စီးပွားရေးကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။

Credit - NV News Agency

#သတင်းဟင်းလေးအိုးကြီး

image