ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းနေမှုကြောင့် ပြည်တွင်းဆန်ဈေး ကျဆင်းလာနိုင်
နိုဝင်ဘာ၂၁
ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းနေမှုကြောင့် ပြည်တွင်းဆန်ဈေး ကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းကျော် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲ မှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် လာမည့် ဒီဇင်ဘာလဆန်းပိုင်း မိုးစပါးလှိုင်လှိုင်ပေါ်ချိန်၌ ပြည်တွင်းဈေးကွက်အတွင်း ဆန်အသစ်များ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ဆန်ဈေးနှုန်းမှာ ကျဆင်းနိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“နောက်ရက်ပိုင်းဆိုရင် ဒီလကုန် ဒီဇင်ဘာဆိုရင် မိုးစပါးတွေ လှိုင်လှိုင်ပေါ်လာပြီပေါ့နော်။ သက်ကြီး စပါး တွေ လည်း ပေါ်လာပြီဆိုတော့ အခုလည်း စပါးပေါ်နေတဲ့အချိန် ဆန်အသစ်တွေလည်း ဈေးကွက်ထဲကို ဝင်လာပြီ ပေါ့နော်။ ဒါကြောင့် ဆန်ဈေးကတော့ တည်ငြိမ်တဲ့ အနေအထားရှိတယ်။ ပြည်တွင်းဖူလုံမှုကလည်း အပြည့်အဝ ရှိပါတယ်။ နောက် ကမ္ဘာ့ဆန်ဈေးကလည်း ကျနေတာ ဖြစ်တဲ့အတွက် ပြည်တွင်းမှာလည်း ထိုက်သင့်တဲ့ ကျဆင်းမှု ဖြစ်နိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။
နှစ်စဉ် မိုးစပါးပေါ်ချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းလေ့ရှိသော်လည်း ယခုနှစ် မိုးစပါးသည် ရာသီဥတုကြောင့် အထွက်နှုန်း ကျဆင်းလျက် ရှိနေသည်။
ဆန်ဈေးနှုန်း ကျဆင်းမည်ဆိုပါက စပါးဈေးနှုန်းများပါ လိုက်ပါကျဆင်းလာမည် ဖြစ်သည့်အတွက် တောင်သူများ အကျိုးအမြတ် ရရှိမှု နည်းပါးသွားနိုင်သည်။
ထို့ကြောင့် ဆန်ဈေးနှုန်းကို သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခုဖြစ်ရန် ဆောင်ရွက်သင့်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ(ဟောင်း) ဦးသိန်းအောင်က ပြောသည်။
“အခုလောလောဆယ် မိုးစပါးမှာတော့ နှစ်တိုင်း စပါးထွက်တဲ့ အရေအတွက်နဲ့စာရင် ဒီနှစ် မိုးစပါးထွက်တဲ့ရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီနှစ်တွေမှာတော့ စပါးက ခါတိုင်းရဲ့ တစ်ဝက်တောင်မှ ထွက်ချင်မှ ထွက်မယ်။ ဒီနှစ်မှာ တောင်သူတွေက ရေမြုပ်တယ်။ မိုးတွင်းမှာ အပင်မှာ ရေမြုပ်တယ်။ အခု စပါးမှည့်ချိန်မှာလည်း စပါးပင်တွေ ရေမြုပ်တာ ဖြစ်တဲ့အတွက် ဈေးကွက်ကို သင့်တင့်မျှတတဲ့ဈေးကွက်မှာ စဉ်းစားဖို့ လိုအပ်တယ်။ အလွန်ချဖို့တော့ မတော်ဘူး။ အလွန်ချရင် တောင်သူတွေအဖို့ အကျိုးအမြတ် နည်းမှာပေါ့” ဟု ပြောသည်။
ပြည်တွင်း ဆန်ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက် (လက်ကားဈေး) တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ) တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀ မှ ၁၂၅၀ဝ၀ ပေါက်ဈေး ရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်ဟောင်း တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိသည်။
ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်နှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၃၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ ဖြင့် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ပုံ - မြန်မာဆန်ဂိုဒေါင်ကို တွေ့ရစဉ်
#centralnewsnaypyitaw