မတ္တရာ (အနောက်ခြမ်း) တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်
နိုဝင်ဘာ ၁၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် (အနောက်ခြမ်း) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
နစကတပ်အနေနဲ့ မတ္ထရာမြို့နယ် (အနောက်ခြမ်း) ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာကြောင့် PDF လက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၇ ရက်မှာတော့ တိုက်ပွဲအခြေအနေ ပိုမို ပြင်းထန်လာတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ မတ္တရာမြို့နယ် (အနောက်ခြမ်းရှိ) ကျေးရွာတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သောင်းချီ ရှိနေကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
“တိုက်ပွဲက အခုထိ ဖြစ်နေတုန်းပဲ။ နိုဝင်ဘာ ၁၇ ရက်နေ့ကဆို ညသန်းခေါင်၊ နောက်နေ့မနက် ၁ နာရီလောက်အထိ တိုက်ပွဲဖြစ်နေတာ။ ဒေသခံတွေ ရှောင်နေရပြီ။ အကူအညီတွေလည်း အများကြီး လိုအပ်နေပါတယ်” လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့၊ မနက် အစောပိုင်းကစပြီး မတ္တရာမြို့နယ် (အနောက်ခြမ်း) က ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း အပါအဝင် မြစ်ရိုးတလျှောက်မှာ နစကတပ်နဲ့ PDF လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာလို့ သိရပါတယ်။
သဖန်းဒေါင့်ကျေးရွာဟာ မန္တလေးမြို့ (အနောက်ဘက်)၊ ဂေါဝိန်ဆိပ်ကမ်းမှ ၁၄ မိုင် ခန့်အကွာမှာ တည်ရှိပြီး ငယ်တိုးကျေးရွာကတော့ ၂၂ မိုင် အကွာအဝေးမှာ တည်ရှိတယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် နစက သတင်းရင်းမြစ်တွေရဲ့ ရေးသား ဖော်ပြချက်မှာတော့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက မတ္တရာဒေသ အောက်တောင်ကိုင်းနဲ့ ငယ်တိုးရွာတွေကို အင်အား ၃၀၀ ခန့်နဲ့ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နစကဘက်က လေကြောင်း၊ ရေကြောင်း ပစ်ကူတွေရယူကာ ရှင်းလင်းထားတဲ့အတွက် PDF ဘက်မှ အယောက် ၂၀ ခန့် ကျဆုံးခဲ့တယ်လို့ နစက သတင်းရင်းမြစ်တွေက ရေးသား ဖော်ပြထားပြီး ဒေသတွင်း PDF လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကတော့ လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo:CJ
#centralnewsnaypyitaw
