#ဆင်ဖြူကျွန်းအောင်သိန်း
ပင်လက်ပံ ကြွေချိန်ဦး
(၂)
ကလေးတွေ တိုးလို့တန်းလန်းနှင့် ကြက်မကြီးအား သတ်ပစ်သော လင်းယုန်ကို အေးဆောင် ထောင်ဖမ်းမည်။ ထောင်ချောက်သည် မခက်ခဲ၊ သို့သော် လုပ်ရန်ကြာမည်။
အေးဆောင်စိတ်ထဲမှာက မြသွယ် ချက်ချင်းပြုံးလာစေချင်သည်။ အချစ်တိုးရင်း ပွားဆင့်သောအပြုံးကို ခဏမဆိုင်း ခံယူချင်သည်။
သူစဉ်းစားကြည့်သောအခါ ညွှတ်တွေက မသေချာ။ လင်းယုန်မှာ လည်သည်၊ ပါးနပ်သည်။ အားကောင်းသည်။ သို့ကြောင့် ထောင်စရာ ထောင်ချောက်ကောင်းကောင်းကို အေးဆောင် စဉ်းစားသည်။
စဉ်းစား၍ရသည်။ ပွေးထောင်ချောက်။
သို့သော် ယာထဲမှာ။ ပွေးထောင်ချောက် ယာထဲရောက်နေပုံမှာ ပွေးတစ်ကောင်ကြောင့်ဖြစ်သည်။
ထိုပွေးသည် ပွေးပါး၊ ပွေးနပ်။
သူ့ကို မိလျှင်အသေအချာ ကြည့်ချင်ပါဘိ။ နားရွက်မှ ရှိပါသေးစ၊ ခြေလက်မှ ပြည့်စုံပါသေးစဟူ၍။
သည်ပွေးသည် မြောက်ဖက်ခြမ်းတွင်ရှိသော ပဲကြီးခင်းအစပ်သို့ ရောက်လာသည်ဆိုလျှင် အေးဆောင် သိခဲ့၏ ။ သိလျှင် သိခြင်း ပွေးစုံကိုဖယ်ပြီး တွင်းဝပေါ်အောင်ဖော်သည်။
ပွေးက ပွေးမုဆိုးကြီး အေးဆောင်ကို "လိုက်ရဲရင် လိုက်ခဲ့” စိန်ခေါ်ပြီ။
အေးဆောင် မလိုက်ရဲ။
အဘယ်မှာ လိုက်ရဲပါမည်နည်း။ ပွေးတွင်းလိုဏ်ခေါင်းသည် ပဲကြီးခင်းထဲ ဝင်သွားသည်။ သည်လိုဏ်ခေါင်းအတိုင်း စိတ်လိုက်မာန်ပါ တူးဖြိုပြီး လိုက်သွားလျှင် တစ်ပြည်ကျပဲခင်းကလေး ပြုတ်ပြုတ်ပြုန်းရချေရဲ့။ ပဲခင်းကြီးသည် အပွင့်လှိုင်နေပြီ။
မကြုံဖူးသူတို့ ခေါင်းမူးမည်။ အေးဆောင်အတွက်မူ ပဲကြီးပွင့်ရနံ့သည် သင်းပျံကြူ၍ လှိုင်နေ၏။ သည်ပဲကြီးခင်း၏ အလှကလေးများသည် ပွင့်ဖြူကလေးတွေ ထောင်ပွင့်နေသည်။ နှင်းရည်ချိုချိုအေးအေး သောက်ချိုးထားရသဖြင့် လန်းစွင့်နေသည်။ လေအေးချော့ရာ တနော့နော့ ကြည်နူးနေကြသည်။
ပဲပွင့်ကလေးတွေက လေယူရာ ညွှတ်ယိမ်းနေကြသော်ငြားအေးဆောင်စိတ်ထဲတွင် တစ်မျိုးမြင်နေသည်။ မဝင်ခဲ့နဲ့ မဝင်ခဲ့နဲ့ သံပြိုင်ကြွေးဟစ်ကာ ခေါင်းရမ်းပြနေကြသည် ထင်၏ ။
အေးဆောင် မလိုက်ရဲ။
မလိုက်ရဲသည့်အတွက် လိုဏ်ခေါင်းအဝကိုချဲ့သည်။ အဝ၏ အပေါ်ယံမြေသားကို ပါးပါးကလေးကျန်အောင် ရှပ်ထားသည်။ သည်နေရာတွင် လက်စွဲတော် သုံးခွမှိန်းကြီး အသုံးဝင်ပြီ။
ပွေးတို့၏ သဘောမှာ အပလေကို မကြိုက်။ တွင်းဖြောင့်နေလျှင် အလင်းရောင်မကြိုက်။ ထိုအပလေဖြစ်စေ၊ အလင်းရောင်ဖြစ်စေ တွင်းထဲ ဆက်လက် ဝင်မနေစေရန်ပွေးကြိုးစားသည်။
လိုဏ်ခေါင်းအတွင်း တစ်နေရာမှ မြေစာများကို တွန်းပို့ခြင်းဖြင့် သယ်ယူလာကာ အဝကို ပိတ်သည်။ ပိတ်လေ့ရှိသည်သည်သို့ အေးဆောင် သိထားသည်။
လိုဏ်ခေါင်းအဝတွင် မြေစာမှုန်များ ငြိမ့်ကနဲ့ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ပါးပါးရှပ်ထားသော လိုဏ်ခေါင်းအမိုးကို ထိုးလိုက်မည်။ သည်ပွေး ဘယ်ပြေးမည်နည်း။
ထနောင်းပင်ရိပ်အောက်မှာ ပြာမှောင်မှောင် နှင်းရိပ်များပင် ပြယ်လွင့်ချေပြီ။ သည်မြေနီယာတောမှာ၊ အအေးပြေးလျှင် အပူလာစမြဲတည်း။ နေလုံးမြင့်သည်နှင့်အမျှ အပူက ရင့်စမြဲ။
ပူသည်ထက် ပူ၍ ပူ၍ လာသည်။ ပွေးကား မလာသေး။ အေးဆောင်မှာ ယင်နားသည်ကိုမျှ မပုတ်နိုင်၊ ပရွက်ဆိတ်ကိုက်သည်ကိုလည်း အောင့်ခံနေရ၏။ မွဲမှောင်သော ကျောပြင်ကြီးမှ ရေတံခွန်စီးသည့်အလား ချွေးပြိုက်ပြိုက် စီး၏ ။ သည်စီးသော ချွေးထဲတွင် နေတစ်စင်း လာရောက်ခိုနားသည်သို့ တပြောင် ပြောင် တဝင်းဝင်း လင်းလက်နေ၏ ။
မြသားလွင်လွင် မြေပဲပင်တို့ မရောက်သော မြေလွတ်မြေပြင်များတွင် တံလှပ်ထစပြုပြီ။
မျက်တော်မခတ်ဘဲ ပွေးတွင်းဝသို့သာ အာရုံစိုက်ထားသော အေးဆောင် အမြင်အာရုံသည် ဝါး၍ဝါး၍ လာ၏။ မျက်တောင်ခတ်လိုက်လျှင် မြင်ကွင်း ကြည်လင်လာပြန် သည်။
"ပွေးကလဲ လာခဲလိုက်တာ”
တစ်နာရီခန့် ကြာပြီ။
အေးဆောင် စိတ်မရှည်စွာ တွေးတောသည်။ စိတ်မရှည်သော်ငြား၊မလူးလွန့် မလှုပ်ရှားသင်းဘဲ မလာဘဲနေနိုင်မလား၊ ငါပဲ စောင့်နိုင်မလား' မခံချင်စိတ်ကြောင့် အာရုံသည် ပိုမို ထက်မြက်လာ၏ ။
"ဟကောင်၊ ဒါ ဘာလုပ်နေတာလဲ”
သုံးခွမှိန်းကြီးဖြင့် တအား ပစ်ထိုးချင်အောင် အေးဆောင် ဒေါသထွက်မိသည်။
ထနောင်းပင်အကွယ်မှ ဘွားကနဲ့ပေါ်လာသူမှာ ဦးရွှေခဲ။ ပါးစပ်ဖြင့် နှောက်ယှက်ယုံသာမက လူကပါ အနားသို့ ရောက်လာသည်။ သူ့ လက်ထဲတွင် တစ်ထောင့်ထွာခန့် ရှည်သော ဝါးတစ်လုံး၊ ပါးဟက်လည်း ထစ်ထား၏ ။ မျှော့ကြိုးလည်း ချီထား၏။
ဒေါသတကြီးဖြင့် ဆတ်ကနဲ့လှည့်ကြည့်လိုက်သော အေးဆောင်၊ မုန်ယိုနေသော မျက်နှာသည် ထိုဝါးလုံးကို မြင်သည့်ခဏတွင် လျှော့ကျသွားသည်။
"အဲဒါ ပွေးထောင်ချောက် မဟုတ်လားဟင်”
"နေပါအုံး၊ အခု နေပူကြီးထဲမှာ ဒုက္ခစရိယာ ကျင့်နေတာက ... ဩ ... ဩ ပွေးစောင့်နေတာကိုး”
ဦးရွှေခဲသည် မေးလည်း မေး၊ ငုံ့လည်းကြည့်ရာက သူ့ဘာသာသူ ဆက်လက်အဖြေထုတ်၏ ။
"စောင့်မနေနဲ့တော့ကွာ နေကပူသနဲ့၊ အဲ မင့်တွင်းက ဖြောင့်ရဲ့လား၊ ဒီထောင်ချောက်က တွင်းဖြောင့်မှ ဖြစ်တာ။ မောင့်တွင်းသာ ဖြောင့်လိုက်လို့ကတော့ ပွေးရဲ့မျက်နှာကို တန်းနေတာပဲ”
ပြောရာမှ လွယ်အိတ်စုတ်ထဲမှ သံမြားတစ်ချောင်းထုတ်ပြသည်။
"ဖြောင့်လား မဖြောင့်လား ခင်ဗျားပဲကြည့်ပီး ထောင်ပေးစမ်းပါဗျာ”
အေးဆောင် ဘေးတိမ်းပေး၏ ။
ဦးရွှေခဲ တွင်းဝတွင် ဒူးထောက်ထိုင်ကာ ထောင်ချောက်ကို ပြင်ဆင်သည်၊ ဝါးလုံးကြီးထဲမှ ဝါးလုံးကလေးကို ဝါးလုံးကြီး ပါးဟက်နှင့်ညှိ မျှော့ကြိုးကိုဆွဲတင်၍ပါးဟက်တွင် လျှာဖြင့် ထိန်းပေးလိုက်၏ ။
အစုံ့မြေစာသည် လက်တစ်လုံးခန့် အပြင်ထွက်နေသောအတွင်းဝါးကို တိုးသည်နှင့် ချက်ချင်း လျှာပြတ်မည်မျှော့ကြိုးဖြင့် ကန်ထားသော သံမြားက ပွေးမျက်နှာနှင့် ရင်ဘတ်တစ်ခုခုကို ထုတ်ချင်းခတ် ဝင်စူးမည်။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
#မုဆိုးတံငါစာပေများပေ့ခ်ျမှကူးယူဖော်ပြသည်