လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆင် ကြိုးဝိုင်းပေါ်ပြန်လာ

ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ ထိုးသတ်မယ့်ပွဲကို အချိန်အတော်ကြာရွှေ့ဆိုင်းထားပြီးတဲ့နောက် လာမယ့် နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ လက်ဝှေ့ထိုး ဖြစ်ပါတယ်။ အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မိုက်တိုင်ဆင်က သူ့ထက် အသက် ၃၁ နှစ်ငယ်ပြီး ပရိုလက်ဝှေ့ပွဲ ၁၀ ပွဲပဲ ထိုးဖူးသေးတဲ့ ဂျိတ်ခ်ပေါလ်နဲ့ လူ ၈ သောင်းဆံ့ AT&T ကွင်းမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။

မိုက်တိုင်ဆင်ဟာ ၁၉၉၂ ခုနှစ်မှာ မုဒိမ်းမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ သူကတော့ သူမကျူးလွန်ကြောင်း တွင်တွင်ငြင်းဆိုခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာလည်း သူနဲ့ထိုးသတ်တဲ့ အီဗန်ဒါ ဟိုးလီဖီးလ်ဒ် နားရွက်ကို ကိုက်ဖြတ်ခဲ့လို့ အတော်သတင်းကြီးခဲ့ပြီးနောက် လက်ဝှေ့ထိုးခွင့် လိုင်စင် ရုပ်သိမ်းခံခဲ့ရပါတယ်။

အခုချိန်မှာ လက်ဝှေ့လောကကို ပြန်လာတာက ငွေကြောင့် မဟုတ်ဘူးလို့ တိုင်ဆင်က ငြင်းဆိုပြီး သူ့ဖာသူအတွက် ထိုးတာဖြစ်တယ်လို့ ပြောပါတယ်။

Iron Mike သံထည်မိုက်လို့ အမည်ရထားတဲ့ တိုင်ဆင်ဟာ ပွဲပေါင်း ၅၆ ပွဲမှာ ပွဲ ၅၀ အနိုင်ရပြီး အဲဒီထဲက ၄၄ ပွဲက အလဲထိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ သမိုင်းမှာ ပြိုင်ဘက်အတွက် ကြောက်စရာအကောင်းဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမားတဦးဆိုပေမဲ့ သူက ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ တကယ့်လက်ဝှေ့ထိုးပွဲမှာ မထိုးသတ်တော့ပါဘူး။ ဂျတ်ခ်ပေါလ်ကတော့ ၉ ပွဲ အနိုင်၊ ၁ ပွဲ အရှုံး ထိုးထားသူ ဖြစ်ပါတယ်။

NFL အမေရိကန်ဘောလုံး Dallas Cowboys အသင်းကွင်းမှာကျင်းပမယ့် ဒီပွဲက ၈ ချီထိုးသတ်ရမှာ ဖြစ်ပြီး တချီကို ၂ မိနစ်စီ သတ်မှတ်ထားပြီး ၁၄ အောင်စ လက်အိတ်တွေ သုံးကြရမှာ ဖြစ်ပါတယ်။ ပွဲရလဒ်ကို နှစ်ဘက်စလုံးရဲ့ ပရိုပွဲထိုးမှတ်တမ်းမှာ ထည့်သွင်း မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

📷 ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ဂျိတ်ခ်ပေါလ်တို့ကို သတင်းစာရှင်းပွဲမှာအတူတွေ့ရစဉ် (မေ ၁၃၊ ၂၀၂၄)

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image
image
image
image