မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများကို တရုတ်နိုင်ငံက ပိုမိုခေါ်ယူမည်

နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထူးချွန်ဆု၊ ထောက်ပံ့ ကြေးများကို တရုတ်နိုင်ငံက ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၀ ရက်က တပ်မတော်လေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပညာရေးကဏ္ဍအတွက် တရုတ်နိုင်ငံဘက်မှ ပြည်နယ်အဆင့်ရော၊ ဗဟိုအဆင့်မှာပါ ပညာသင်တွေ ပိုမိုခေါ်ယူသွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ တရုတ်ဘက်က ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရပညာသင်ဆုများဖြစ်သည့် Chinese Government Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scholarship (YES) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)တို့မှ ပညာသင်ဆုများကို နှစ်စဉ်ကမ်းလှမ်းလျက်ရှိပြီး တစ်နှစ်လျှင် မြန်မာကျောင်းသား အနည်းဆုံး (၅၀၀)ဦးခန့် ပညာသင်ထောက်ပံ့ကြေး အမျိုးမျိုးဖြင့် တရုတ်နိုင်ငံ၌ ပညာသင်ကြားနေကြကြောင်း သိရသည်။

“ပရိုဂရမ် အမျိုးမျိုးဆိုရင်တော့ တစ်နှစ်ကို အနည်းဆုံး ၅၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ဆီက ဒီနှစ်မှာတော့ ကျောင်းသား ၁၀၈ ယောက်ကို ပညာသင်ဆုရအောင် လျှောက်ထားပေးနိုင်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံ၌ မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လျှောက်ထားပေးခြင်း ဝန်ဆောင်မှုပေးနေသော Shwe Tun China Scholarship Consultant က ပြောသည်။

ကမ်းလှမ်းလာသည့် ပညာသင်ဆုများတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒများ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စာရင်းအင်းနှင့် ဥပဒေ စသည့် ဘာသာရပ်များ စုံလင်စွာ ပါဝင်သဖြင့် မြန်မာပညာတော်သင်များ၏ စွမ်းရည်ကို မြှင့်တင်ရာတွင် များစွာအထောက်အကူပြုလျက်ရှိသည်။

#centralnewsnaypyitaw

image