9 w - Translate

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲကို လာမည့် ဖေဖေါ်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီမံထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၀) ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့် ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေး ဆုများ အကဲဖြတ် စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စိစစ်ရေးအဖွဲ့တွင် အတ္တစွဲကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်ရန်လိုပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ် စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းတို့အား အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်သည့် အထင်အမြင်လွဲမှားမှုများ ကြုံတွေ့ရနိုင်ပြီး ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ်ဖြင့် အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရုပ်ရှင်ထူးချွန်ပွဲ ချီးမြှင့်ပွဲ အခမ်းအနားကို ယခင်နှစ်ကျင်းပခဲ့သည့် အစဉ်အလာအတိုင်း ခမ်းနားတင့်တယ်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ယခင်နှစ်ကျင်းပခဲ့သည့် အခမ်း အနားမှ ရရှိခဲ့သော အားသာချက်/အားနည်းချက်များ၊ ယခုအခမ်းအနားအတွက် တာဝန်ခွဲဝေဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။