#ဆင်ဖြူကျွန်းအောင်သိန်း
ပင်လက်ပံ ကြွေချိန်ဦး
(၁)
နေရာတိုင်းတွင် အပူကမ္ဗလာနီကြီးတွေ လှမ်းထားဘိသို့ အနီကိုချည်း မြင်ရ၏ ။ အိုမင်းနေသော အစိမ်းပုပ်ကန့်လန့်ကာများ၏ ဟိုဖက်တွင်လည်း အနီရောင် ကိုသာ မြင်ရသည်။ ဟင်းလင်းပွင့်နေသော ကွင်းလဟာတွင်ကား၊ အနီရောင်တဖွဲဖွဲ လျှောလွင့်နေသော ရွှေအိုရွက်လျှော်တို့နှင့် ပေါင်းစပ်ထားသည်။ အနီ ရောင်သည် မျှော်မဆုံးသော ယာခင်းများကိုပတ်ရံထားသည်။ ယာခင်းကွင်းကမ္ဘာကြီးကိုလည်း သူသာ မင်းမူသည်။
သူနှင့်အတူပါလာသော ညံညံစီစီ အသံရှင်များကား ဆက်ရက်နှင့် ကျေး။ ဆက်ရက်သည် ကျေးသံကို ဖုံးလွှမ်းနေသည်။ လက်ပံပင်တိုင်းတွင် အခြားငှက်များလည်း လာကြသည်သာ။ သို့သော် ဆက်ရက်သံကသာ စိုးမိုးနေသည်။
ကသစ်နှင့် ပေါက်တို့လည်း သည်ရာသီတွင် မြူးကြသည်သာ။ လွင်လွင် တောက်တောက် နီရဲနေကြသည်သာ။ သို့ဖြစ်ငြား လက်ပံပင်၏ အနီကသာ စိုးမိုးနိုင်လွန်းလှသည်။
ပြေးနေသော အေးဆောင်၏ စိတ်တွင်လည်း သည်နှယ်ပင် မြသွယ် ကသာ စိုးမိုးနေသည်။
"နင်ဘာမှ မပူနဲ့ ငါ့တာဝန်ထား"
ညှိုးငယ်နေသော မြသွယ်၊ အေးဆောင်အား မော့ကြည့်လိုက်ပုံမှာ အေးဆောင်အား ကမ္ဘာကြီးနှင့် ရင်ဆိုင်ချင်စိတ်ပေါက်လာအောင် တွန်းအားဖြည့်နေသည်။ သည်မျက်နှာကလေးကို ယခု ပြေးရင်းလည်း မြင်ယောင်နေပေ၏ ။
အနီရောင်ရှုခင်းများသည် အေးဆောင်၏ နောက်တွင် ချာချာလည်လျက် ကျန်ခဲ့ကြသည်။ အစိမ်းသည် အနီရောင်တံတိုင်းကို အေးအလှချယ်ထား၏ ။ နှင်းရည်ဝဝကို မှန်မှန်သောက်ချိုးရသောကြောင့် မြေပဲခင်းများသည် တစ်နေ့ထက်တစ်နေ့ ထူထပ်လာ၏ ။ တစ်နေ့ထက် တစ်နေ့လည်း အစိမ်းမှ အစိမ်းရင့် အစိမ်းရင့်မှ စိမ်းမှောင်ရောင် သို့ ပြောင်း။ူူ ဓျလာကြသည်။ သည်အစိမ်းရောင်ကလည်း အနီရောင်နှင့်ပနံသင့်လှသည်။ လဘ။ဘဒ
ဘယ်ကိုကြည့်ကြည့် အစိမ်း။ ရွှမ်းစည်သော အစိမ်း။ အနီရောင် မြင်ကွင်းများ နည်းတူ အစိမ်းရောင် ဆောင်းမြေပဲတောသည်လည်း ချာချာလည်၍ ကျန်ခဲ့သည်။ မြသွယ်တို့ ယာခရိုးရှိ ရှားစောင်းလက်ညှိုးပင်ကြီးကို မြင်ရတော့မှ အေးဆောင် အပြေး ရပ်တော့သည်။ ဆောင်းတွင်းပေမင့် အေးဆောင်တစ်ကိုယ်လုံး ရေချိုးထားသည်သို့ ချွေးဖြင့် ရွှဲနေ၏ ။
မာကြောသလောက် ဝင်းညှို့မို့မောက်ပြီး ပြောင်တင်းနေသော ရင်အုပ်ကြီးမှာ အပြင်းအထန် လှုပ်ရှားနေသည်။ သည်မျှဝေးသော ခရီးကို သည်နှယ်မရပ်မနား ပြေးလွှားလာရခြင်းမှာ မြသွယ်ချောကြောင့်ဖြစ်သည်။
နေရောင်ခြည်လေးပျူစ သည်နံနက်တွင် မြသွယ်ထံ သူရောက်ခဲ့၏ ။ အကြောင်းကိစ္စ မယ်မယ်ရရမရှိ။ မြသွယ်၏ အဖေအမေရှိနေလျှင် မြသွယ်ကို မဝသောအကြည့်ဖြင့် ခပ်လှမ်းလှမ်းမှ ကြည့်နေရန်။ လူကြီးတွေမရှိလျှင် အနားကပ်ပြီး သာယာသော ကျိန်ဆဲသံများ နားဆင်ရန် ဖြစ်သည်။
အိမ်ရှေ့ပေပင်အောက်တွင် နေမြင့်အောင် မီးလှုံလေ့ရှိသော ဦးသက်ကို မမြင်။ မီးဖိုထဲတွင်လည်း ဦးသက်ဇနီး ဒေါ်မြမရှိ။ အိမ်နောက်ဖေးဘက်မှ "တီတီတီတီ"နှင့် ကြက်ခေါ်နေသော မြသွယ်အသံ ကြားရသည်။ မည်းသောမျက်နှာထဲမှ ဝါသောသွားကြီးတွေ ထင်းကနဲ့ပေါ်လာအောင် အေးဆောင် ပြုံးသည်။ အပြုံးသည် အေးဆောင် နှင့်အတူပါလာခဲ့သည်။
မြသွယ် ကြက်တွေကို အစာကျွေးနေ၏ ။နေရောင်ထဲတွင် သားနှင့် ကြက်မတွေ ပါသည်။ ရောင်မျိုးစုံတင့်နေသော အရွယ်ရောက်ကြက်တွေလည်း ပါသည်။
ပန်းပွင့်တွေအသက်ဝင်ပြီး လှုပ်ရှားနေသည်သို့ရှိသည်။ သည်ရှုခင်းကို အေးဆောင်ကြာကြာ မကြည့်လိုက်ရ။
အိမ်ခြေရင်းမှ လှည့်လာခဲ့ရာ အိမ်ထောင့်ကွေ့ သို့ ရောက်ရုံရှိသေး။ ပြင်းထန်သော တောင်ဟုန်သံကို ကြားလိုက်ရကာ ကြက်များ ကြောက်လန့်တကြား အော်သံကိုလည်း ပြိုင်တူကြားလိုက်ရသည်။
တဆက်တည်းလိုလိုပင် ကြက်တစ်ကောင်၏ အော်သံ၊ မြသွယ်၏ "ဟဲ့ရွှေး ဟဲ့ရွှေး" အော်သံကြားရသည်။ အေးဆောင် မော့ကြည့်ရင်း၊ မီးဖိုချောင်တံခါးဝတွင် ချိတ်ထားသော ဂွလောက်လေး(သားရေခွ)ကို ပြေးယူမိသားဖြစ်သွား၏ ။
ဖျန်းကနဲ့လောက်စာလုံးကို ပစ်လွှတ်သံနှင့်အတူ သားစားငှက်၏ ခြေထောက်ထဲမှ ကြက်မကြီးလွတ်ကျလာ၏ ။ လှပသော ကြက်အုပ်ကြီးမှာ ဖရိုဖရဲ ပြေးလွင့်သွားသည်။ တုန်လှုပ်တကြီးအော်သံ ကတော်သံများပေးကာ အရိပ်အောက်ဝင်ပြေးကြသည်။ အိမ်အောက်ဝင်ခိုကြသည်။
လင်းယုန် အသုတ်ခံရသော ကြက်မှာ ကြက်သားအုပ်မကြီးဖြစ်၏ ။ လင်းယုန် တောင်ဟုန်သံကြားတွင် အခြားသော ကြက်များ ပြေးရှောင်နိုင်ငြား သူ မပြေးနိုင်။ သူ့မှာ ကလေးတွေနှင့်။ ကလေးတွေကို အုပ်မိုးကာကွယ်ပေးထားရသဖြင့် ကုတ်ခြစ်ယူသွားခြင်းခံရသည်။
အေးဆောင်၏ လောက်စားလုံး ငှက်ကို ထိပေမင့် ငှက်ကျမလာ၊ အစာသာကျလာ၏။
ခွလောက်လေးကို ထားပစ်ခဲ့ပြီး အေးဆောင် ပြေးသွားသောအခါ ကြက်မကြီးကို ပိုက်ကာ မြသွယ်ငိုနေပြီ။ ဘိလပ်ကြက်မျိုးနှင့် စပ်ထားသော ကြက်မို့ အကောင်ကြီးလှသည်၊ ထွားလှသည်။
"ရှင်သေးလား မြသွယ်”
မြသွယ်သည် မျက်ရည်ပြည့်လျှမ်းသော မျက်လုံးကြီးများနှင့် မော့ကြည့်ကာသာအဖြေပေး၏။ နှုတ်မှ အသံမထွက်။ ကြက်မကြီးမှာ တုံးလုံးလဲလျက် ငြိမ်သက်နေပြီ၊ ကျောကုန်းမှ သွေးစိမ်းသွင်သွင် စီးနေဆဲ။
"တခြားကြက်တွေ သုတ်ပါတော့လား။ အခုတော့ ဒီမှာ ကြက်ကလေးတွေ ၁၅ ရက်သားပဲ ရှိသေးတယ်၊ ဟင်း သင်းတော့လား မိယင် ဓားနဲ့ နုတ်နုတ်စဉ်းပစ်မယ်”
"မပူနဲ့ မြသွယ်၊ ဒီကောင်ကို မိအောင် ငါ့တာဝန်ထား”
"တကယ်လား ဟင်"
"တကယ်လားဟင်” မေးလိုက်သံကလေးမှာ ယခုထက်ထိ အေးဆောင်နားထဲမှ မထွက်၊ ဝမ်းသာခြင်းဖက်သော အားကိုးတကြီး အကြည့်ကိုလည်း ယခုထိ အေးဆောင် မြင်ကာ ကြည်နူးနေရဆဲ။
သည်အသံ၊ သည်အရိပ်ကလေး အာရုံမှာ လွတ်မထွက်မီ အေးဆောင်ပြေးလာခဲ့ရ သည်။ မောပေမင့် သူ့ရင်တွင် ကြည်နူးမှုမပြယ်။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
#မုဆိုးတံငါစာပေများပေ့ခ်ျမှကူးယူဖော်ပြသည်