1 w - Translate

အမေရိကန် Deep State ကို ဖြိုလှဲမည့် ဒေါ်နယ်ထရမ့်၊ ဘယ်ပါတီတက်တက် အစိုးရအထက်မှာ ချုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းဆိုတာ တကယ် ရှိသလား (ဘာသာပြန်ဆောင်းပါး) ပထမပိုင်း

Htay Oung - နိုဝင်ဘာ ၁ဝ

၄င်းကို ပြန်လည်ရွေးချယ်ခဲ့ရင် အမေရိကန်နိုင်ငံရဲ့ Deep State ကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့ ဒေါ်နယ် ထရမ့်က ကြုံးဝါးနေခဲ့တာ ရီပတ်ဘလစ်ကင်ပါတီရဲ့သမ္မတလောင်းအဖြစ် အမည်စာရင်းသတင်းများ မထွက်ပေါ်မီ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။

ဒီနေရာမှာ ကျွန်တော်တို့အတော်များများ နားလည်ထားကြတာ တစ်မျိုးပါ။ Deep State ဆိုတာ တိုင်းပြည် တစ်ခုမှာ ဘယ်အစိုးရတက်တက် ဒီအလုပ် ဒီပုံစံမျိုး ဖြစ်ကို ဖြစ်ရမယ်လို့ နောက်ကွယ်က ထိန်းချုပ်တဲ့ လူစုလို့ မှတ်ယူနေကြပါတယ်။ အေဗရာဟင်လင်ကွန်းနဲ့ ရောဘတ်ကနေဒီတို့လို သမ္မတရင့်မာကြီးတောင် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အမေရိကန်မှာဆိုရင် အိမ်ဖြူတော်ရဲ့အထက်မှာ Deep State ဆိုတဲ့ လူတစ်စုရှိကြောင်း၊ ဘယ်ပါတီ ဘယ်သူဘယ်ဝါရွေးကောက်ခံရသည်ဖြစ်စေ အဲဒီ Deep State ဆိုသူတွေ ခိုင်းစေတဲ့အတိုင်း လုပ်ကြရ ပြောကြရတယ်စသဖြင့် ရေးနေကြပါတယ်။
တစ်ချိုဆိုလျှင် ဒီမိုကရက်တစ်တို့နဲ့ ပလဲနံပသင့်သူ ဂျော့ဆိုးရော့စ်လို လူသိများ သြဇာကြီး ဘီလီယံနာသူဋ္ဌေးကြီးကို Deep State လို့ ပြောကြရေးနေကြပါတယ်။
ဒီအတွက် Deep State ဆိုတာ ရှိ-မရှိ ကျွန်တော် လက်လှမ်းမီသမျှ လိုက်လံရှာဖွေဖတ်ရှု့မိပါတယ်။ မသိတာ မှန်သမျှ အားမနာတမ်း မေးလို့ရတဲ့ Chat GPT (AI) ကို မိတ်ဆွေ ဖွဲ့လိုက်တဲ့အခါ၊ အလွန်ရှင်းလင်း ပြတ်သားတဲ့ အဖြေကို ရရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ "Deep State" ဆိုတာ အစိုးရရဲ့တရားဝင်အဆင့်ဆင့်မှာ မမြင်နိုင်တဲ့ အာဏာ ပိုင်လူ တစ်စု ရှိနေတယ်ဆိုတဲ့အယူအဆပါ။ အထူးသဖြင့် သွေးဆောင်၍မရသော အာဏာရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်း များနဲ့ အစိုးရအဖွဲ့များအတွင်းမှာ စိမ့်ဝင်နေတဲ့ လူတစ်စုရဲ့ လုပ်ဆောင်ချက်များကို ပြောဆိုခြင်းဖြစ်ပါတယ်။

သို့သော်လည်း Deep State ဆိုတဲ့ အယူအဆက အများအားဖြင့် အကောင်အထည်ဖော်ပြနိုင်ခြင်းမရှိတဲ့ မှန်းဆချက်တစ်ခုအဖြစ် စကားပြောဆိုရာမှာ အင်မတန် ခံတွင်းတွေ့စရာဖြစ်ပြီး၊ အစိုးရရဲ့အဖွဲ့အစည်းများဟာ အဲဒီလူတွေ စေခိုင်းတဲ့အတိုင်း ဦးလည်မသုန် လုပ်ဆောင်နေကြတယ်လို့ အများက ယုံကြည်နေကြပါတယ်။ ဒါကြောင့် "Deep State" ရဲ့တည်ရှိမှုအပေါ်မှာ အများပြည်သူတို့ရဲ့မှတ်ယူမှုနဲ့ဝေဖန်မှုတွေဟာ အမျိုးမျိုး ကွဲလွဲနေ ပြီး အကြောင်းအရာတွေကတော့ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ Deep State နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်အပြင် အခြားသူများလည်း အခွင့်အခါသင့် သလို ပြောကြရေးခဲ့ကြပါတယ်။ ဖရန်ကလင်ရူးစ်ဗဲလ် ပထမအကြိမ် သမ္မတလက်ထက် ၁၉၃၃ ခုနှစ်ကတည်းက ဖြစ်လို့ နှစ် ၁၀၀ နီးပါးရှိနေပါပြီ

ဒေါ်နယ်ထရမ့်ကတော့ Argenda 47 အာဂျင်ဒါ ဖော်တီဆဲဗင်း “လုပ်ငန်းစဉ်-၄၇” လို့ ဆိုပါတယ်။ ရီပတ်ဘ လစ်ကင်ပါတီမှ ရွေးကောက်ခံ ၄၇-ဦးမြောက် အမေရိကန်သမ္မတရဲ့ အကောင်အထည်ဖော်မယ့် မူဝါဒများအဖြစ် မဲဆွယ်စည်းရုံးစဉ် Deep State ကို ဖြိုခွင်းမယ့် အကြောင်း ထည့်သွင်းဟောပြောခဲ့ပါတယ်။ လုပ်ငန်းစဉ် ၄၇ မှာ စီးပွားရေး၊ အခွန်အခများ၊ ကုန်သွယ်ရေး မှအစ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ် ဝန် ဖျက်ချခွင့်အလယ် ယူကရိန်းနဲ့ နေတိုး၊ အစ္စရေး-ဂါဇာစစ်ပွဲတို့အဆုံး အမေရိကန်ပြည်သူတွေနဲ့ တိုက်ရိုက် သက်ဆိုင် နေတဲ့ အရေးကြီး ၁၀ ချက်ကို သူ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ့်အကြောင်း ပါဝင်ပါတယ်။ အမှန်တော့ ပထမအကြိမ် သမ္မတတာဝန်ထမ်းဆောင်စဉ် ထရမ့်ရဲ့ လုပ်နည်းကိုင်ဟန်များအတိုင်းဖြစ်ပြီး ယခုပြန်လည် ရွေးကောက်ခံရပြီမို့ ၂-ဆတိုးပြီး လုပ်မယ့်သဘော မြင်နေရပါတယ်။

ဒီနေရာမှာ Deep State ဆိုတာ အစိုးရအဖွဲ့အစည်းတစ်ရပ်ရဲ့အောက်ခြေမှာရှိတဲ့ အခွင့်အာဏာသုံးစွဲပိုင်ခွင့် ရှိသူတွေ၊ အစိုးရနဲ့ လူထုအကြား သာမာန်လူတွေမမြင်နိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ဆိုလိုပါတယ်။ အမေရိကန်မှာ ယေဘူယျအားဖြင့် Deep State ဆိုတာ စီအိုင်အေ (CIA)၊ အက်ဖ်ဘီအိုင် (FBI) လုပ်ပိုင်ခွင့် အတော်များများ အပ်နှင်းခံရတဲ့ အစိုးရအဖွဲ့အစည်းများ၊ သမ္မတရုံး အမှု့ဆောင်အဖွဲ့ရဲ့နောက်ကွယ်မှာရှိပြီး အဖွဲ့ အပေါ် သြဇာပေးနိုင်တဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းများကို ပြောလိုရင်းဖြစ်ပါတယ်။
ကျွန်တော်များ ထင်မှတ်နေကြသလို သမ္မတနဲ့ လွှတ်တော်များရဲ့ အထက်မှာ မမြင်ရတဲ့ လူပုဂ္ဂိုလ်များလို့ ဆိုလို ခြင်း မဟုတ်။ အစိုးရအဖွဲ့ရဲ့ အောက်ခြေမှာ ရှိပြီး အစိုးရနဲ့ လူထုအကြား တိုက်ရိုက်/သွယ်ဝှိုက်ဆက်ဆံနေကြ သူများ ဖြစ်ပါတယ်။
တကယ်တော့ အဲ့ဒီလူတွေကို အစိုးရကိုယ်တိုင်ကပဲ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့ မြန်မာများ နားလည် ထားကြတဲ့ “စာအုပ်ကြီးသမား-ဗျူရိုကရက်များ” နဲ့ ခပ်ဆင်ဆင်တူပါတယ်။
ဥပမာအားဖြင့် အမေရိကန် ဖက်ဒရယ်ဘဏ် (ဗဟိုဘဏ်) ဥက္ကဌ “ဂျရုန်း ပါလ်” Jerome Powell ဆိုလျှင် သူ့ကို ဒေါ်နယ်ထရမ့်ကပဲ ခန့်အပ်ခဲ့တာပါတယ်။ ဒါပေမယ့် ဒေါ်လာငွေကြေးဖောင်းပွခြင်းအတွက် ဘဏ်တိုးနှုန်းကိစ္စမှာ သမ္မတ ခိုင်းတိုင်း သူ မလုပ်ပါ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာလည်း ဖက်ဒရယ်ဘဏ် ဥက္ကဌဖြစ်နေသူ ဂျရုန်းပါလ်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် အလုပ်ဖြုတ် ခံရမယ့်သူ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ Deep State ဖြိုလှဲရေးအစီအစဉ်မှာ ဖြုတ်ထုတ်သတ်ပေးဖို့ ဝန်ကြီးအဆင့် ရာထူးတစ်နေရာ ရရှိမယ့်သူက စတားလင့်နဲ့ တက်စ်လာကုမ္မဏီသူဌေးကြီး အယ်လွန်မာ့စ် ဖြစ်ပါတယ်။ ဂျရုန်းပါလ်ကလည်း သူ့ကို ဖြုတ်ရဲ ဖြုတ်ကြည့် တရားရုံးနဲ့ တွေ့သွားမယ်လို့ ပြန်ပက်နေပါတယ်။
Deep State မှာ အစိုးရနဲ့ ပြည်သူအကြား အဖွဲ့အစည်းများဆိုတာ သြဇာကြီး သတင်းမီဒီယာသမားများလည်း ပါဝင်နေပါတယ်။ ယခင် ပထမသက်တမ်းတုန်းတည်းက မီဒီယာအတော်များများဟာ ထရမ့်နဲ့ မျက်နှာကြော မ တည့်ပါ။ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာ တရားသူကြီးချုပ်- ရှေ့နေချုပ်တို့ထက် ပိုခက်ပါလိမ့်မယ်။