မနေ့က ဘရိုက်တန်(၂-၁)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းရဲ့ကြီးစိုးမှုက ပြီးဆုံးသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၅)မှတ်ကွာဟသွားပြီဖြစ်တာပါ။
>>>>>>
မန်စီးတီးအသင်းဟာ အဓိက ကစားသမားအချို့ရဲ့ဒဏ်ရာတွေကြောင့် ရလဒ်တွေဆက်တိုက်ဆိုးနေခဲ့ပြီး နည်းပြ ဂွါဒီယိုလာအတွက်လည်း သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ်(၄)ပွဲဆက်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေပြန်ပေးပြီး ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ရလဒ်ဆိုးကို အဆုံးသတ်နိုင်ခဲ့ခြင်းမရှိတာပါ။ အဲ့ဒါကြောင့်လည်း နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ကြီးစိုးမှုပြီးဆုံးသွားနိုင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ဂွါဒီယိုလာက "(၇)နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို (၆)ကြိမ်ရခဲ့ပြီးနောက် ဒီနှစ်ဟာ အခြားအသင်းတစ်သင်းအတွက် ထိုက်တန်တဲ့နှစ်ဖြစ်နိုင်ပါတယ်။ ဘဝမှာ ပထမဆုံးအကြိမ်ဆိုတာ အမြဲတမ်းရှိပါတယ်။ ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး နောက်ပြန်မဆုတ်ပါဘူး။ ကျွန်တော့်ကစားသမားတွေ ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ဆိုတာ သံသယမရှိဘူး"လို့ ဆိုခဲ့တာပါ။
Sky Sports ရဲ့ရုပ်သံဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂျေမီရက်နက်ပ်က မန်စီးတီးအသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ဟာ သူမြင်တွေ့ဖူးသမျှ မန်စီးတီးအသင်းရဲ့အဆိုးရွားဆုံးစွမ်းဆောင်ရည်လို့ ပြောခဲ့ပါတယ်။ ၂၀၀၆ သြဂုတ်နောက်ပိုင်း ပထမဆုံးအကြိမ် (၄)ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တဲ့ မန်စီးတီးအသင်းဟာ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်အပြီးမှာ ရလဒ်ကောင်း ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ မန်စီးတီးအသင်းဟာ နိုဝင်ဘာ(၂၄)ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။