NLD လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်

နိုဝင်ဘာ ၉၊ နေပြည်တော်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့် NLD အစိုးရလက်ထက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် အဆုတ်ရောင် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

နိုဝင်ဘာလ (၈)ရက် ည (၁၀)နာရီအချိန်က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၊ (၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ဆောင် (ICU)တွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော NLD ပါတီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်သည် အသက်ရှူမဝခြင်း ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

အသက် (၇၀)နှစ်အရွယ် ဦးဝင်းခိုင်အနေဖြင့် ထောင်ဝင်အမှတ်၊ မတလ/၂၂/၀၂၀၈၂/က ဖြင့် အောင်မြေသာစံ မြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်၌ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်၊ ၃၈/၃၉/၄၀/၂၀၂၁၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅/၆၃ ပါ ၁၂ မှုဖြင့် ပြစ်ဒဏ် (၂၈) နှစ် ကျခံခဲ့ရသည်။

ယင်းနောက်တွင် အောက်တိုဘာလ (၂၅)ရက် ညနေ (၅)နာရီ (၄၀)မိနစ်အချိန်တွင် အဆုတ်ရောင်ပြီး အသက်ရှူမဝခြင်း ရောဂါဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ၅ ထပ်ရှိ ဖျားနာဆောင်(၃)ဒုတိယထပ် အခန်းအမှတ် (၁)တွင် တက်ရောက်ကုသခဲ့ပြီး အောက်တိုဘာ (၂၇)ရက်တွင် ဆေးရုံကြီး၊ (၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မက်ဆောင် (ICU)သို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းသို့ ဆေးကုသမှု ခံယူနေရသည့် ဦးဝင်ခိုင်အား အောက်တိုဘာ (၂၈)ရက်နေ့ ည (၈)နာရီကျော် အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၈-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ကျင့်-၄၀၁(၁)အရ ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်း ခွင့်ပြု၍ လွှတ်ပေးခဲ့သည်။

အဆိုပါ လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်၏ အလောင်းအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆေးရုံကြီး ရေခဲတိုက်မှ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

Credit - Neas Vision Media

#သတင်းဟင်းလေးအိုးကြီး

image