NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်
နိုဝင်ဘာ ၉၊ မန္တလေး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်း က ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၁ နာရီ မှာ ကြာနီကန်သုသာန်ကို ပို့ဆောင်မယ် လို့ သိရပါတယ်။
အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်ဟာ အာဏာထိမ်းပြီးနောက် အဂတိအမှုတွေနဲ့ ထောင်ဒဏ် နှစ် ၃၀ နီးပါးချမှတ်ခံထားရာကနေ ပြီးခဲ့တဲ့ သီတင်းပတ် းက လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
“ဆရာဦးဝင်းခိုင်က နည်းနည်းပြန်ကောင်းလာတယ်။ ၅၀ ၅၀ ဆိုလို့ဝမ်းသာနေတာ၊ ဆုံးသွားပြီဆိုတော့ စိတ်မကောင်းဖြစ်ရတယ်၊။ သူက နှလုံးသွေးကြောကျဥ်းတာကို အစားထိုးကုထားရတာ။ သူကပညာရှင်သက်သက်ပဲ။ နိုင်ငံရေးသမားမဟုတ်ဘူး။ သူက သူ့အခြေအနေနဲ့သူရှိရဲ့သားနဲ့ လျှပ်စစ်ဝန်ကြီးလက်ခံလိုက်လို့ ထောင်ချခံလိုက်ရတာ။ နှမြှောစရာကောင်းတယ်။ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်” လို့ မန္တလေးမြို့ခံ ဝါရင့်ရှေ့နေတစ်ဦးက ပြောပါတယ်။
ဦးဝင်းခိုင်ဟာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ဆက်စပ်ပြီး နိုင်ငံ့ဘဏ္ဍာငွေကျပ် ၆ ဘီလျံခန့် နစ်နာမှုဖြစ်စေခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
မန္တလေး အိုးဘိုထောင်မှာ အကျဥ်းကျခံနေရတဲ့ ဦးဝင်းခိုင်မှာ နှလုံး၊ ဆီးချိုနဲ့ သွေးတိုး ရောဂါတွေရှိလို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထောင်အပြင် မှာ မကြာခဏဆေးကုသမှု ခံယူခဲ့ရပြီး နောက်ဆုံးမှာ မန္တလေးဆေးရုံးကြီး အထူးကြပ်မတ်ကုသဆောင်(ICU) ထဲမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂)လည်းဖြစ်၊ NLD အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာလည်း မန္တလေးဆေးရုံကြီး ICUထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
#centralnewsnaypyitaw