ဂါဇာကို စာနာမှုအကူအညီလမ်းကြောင်း အစ္စရေးဖွင့်ပေးမည်
နိုဝင်ဘာ ၉၊ နိုင်ငံတကာ။
အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ကတည်းက စားနပ်ရိက္ခာနဲ့ ခိုလှုံရာမဲ့နေတဲ့ ပါလက်စတိုင်းတွေကို အကူအညီတွေ ပိုပေးနိုင်ရေး အမေရိကန်ပြည်ထောင်စုက ဖိအားတွေ ပေးလာနေချိန်မှာပဲ ဂါဇာကမ်းမြောင်ဒေသကို ဖြတ်ကျော်ပြီး လူသားချင်း စာနာမှုအကူအညီတွေပေးရေး ခွင့်ပြုပေးသွားမယ်လို့ အစ္စရေးက ပြောပါတယ်။
အစ္စရေး တောင်ပိုင်း Kissufim ဒေသကို ဖြတ်သန်းပြီး လူသားချင်း စာနာမှုအကူအညီတွေကို ပို့ခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေး ကာကွယ်ရေးအဖွဲ့နဲ့ သိမ်းပိုက်ခံ နယ်မြေတွေအတွင်း အစ္စရေးအစိုးရရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတခုဖြစ်တဲ့ COGAT အဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါဟာ နိုင်ငံရေး ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ဂါဇာကို အကူအညီတွေ ရောက်ရှိရေး လမ်းကြောင်းတိုးမြှင့်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း X လူမှုကွန်ရက်မှာ ထုတ်ပြန်ထားတဲ့ ပူးတွဲထုတ်ပြန်ချက်မှာပါရှိပါတယ်။
Kissufim ဒေသဖြတ်ကျော်လမ်းကြောင်းမှာ စစ်ဆေးရေးဂိတ်တွေနဲ့ ကာကွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ထားပြီး အစ္စရေးပိုင်နက်နဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ဒေသတွေကို အကူအညီတွေ ပေးနိုင်ရေး လုပ်ဆောင်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ က အကူအညီပေးရေးလမ်းကြောင်း ဖွင့်ဖို့ သတ်မှတ်ထားတဲ့ ရက် နီးကပ်လာချိန်မှာပဲ Kissufim ဒေသဖြတ်ကျော်လမ်းကြောင်းကို အစ္စရေးဘက်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ပေးပို့လိုက်တဲ့ စာမှာတော့ ရက်ပေါင်း ၃၀ အတွင်း စာနာမှုအကူအညီတွေ မြှင်တင်ပေးပို့တာမျိုး မလုပ်ရင် အမေရိကန်ဘက်က စစ်ရေးအကူအညီဖြတ်တောက်မယ်လို့ ရာဇသံပေးခဲ့တာပါ။
အဲဒီစာထဲမှာ တရက်ကို အကူအညီတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကား ၃၅၀ ကိုဖြတ်သန်းခွင့်ပြုဖို့နဲ့ ၅ ခုမြောက် လူသားချင်းစာနာမှု အကူအညီပေးရေး နေရာတွေကို ဖွင့်လှစ်ဖို့ တောင်းဆိုထားပါတယ်။
တချိန်တည်းမှာပဲ သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ပြောခွင့်ရအမျိုးသမီး Stephanie Tremblay က ဂါဇာကမ်းမြောင်ဒေသရဲ့ အခြေအနေဟာ တနေ့တခြားပိုပြီးဆိုးလာတယ်လို့ စားနပ်ရိက္ခာလုံခြုံမှု ဆိုင်ရာ အစီရင်ခံစာသစ် တစောင်ကို ကိုးကားပြီး ပြောပါတယ်။ ဒီအစီရင်ခံစာအရ ဂါဇာကမ်းမြောင် မြောက်ပိုင်း ဒေသတွေမှာ အငတ်ဘေးကြုံနိုင်ဖွယ်ရှိနေပါတယ်။
Source - VOA
#centralnewsnaypyitaw