စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ကုလစွပ်စွဲချက် အစ္စရေးရှုတ်ချ

နိုဝင်ဘာ ၉၊ နိုင်ငံတကာ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကမ်းမြောင်မှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာကို အစ္စရေးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

“ဂါဇာကမ်းမြောင်ဒေသ အခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို အစ္စရေးနိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချပါတယ်” လို့ ဂျီနီဗာရှိ အစ္စရေးမစ်ရှင်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"OHCHR က မြေပြင်က ပကတိ အဖြစ်မှန်တွေကို ဖော်ပြနိုင်မှု ပျက်ကွက်ခဲ့ကာ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို ထိခိုက်နစ်နာစေဖို့ တမင် ရည်ရွယ်ပြီး ဟားမတ်စ်နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထားတယ်" လို့ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တောင်ပိုင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး လူပေါင်း ၁,၂၀၀ ကို သတ်ဖြတ်ကာ ဓားစာခံ ၂၅၀ ကို ဖမ်းခေါ် သွားပြီးနောက် နောက်ဆက်တွဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဧပြီလ အထိ အစ္စရေးနဲ့ ဂါဇာက အရပ်သား ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ “ထိတ်လန့်ဖွယ်ရာအဖြစ်မှန်” တွေကို ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

“ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ သတိပေးနေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တာ့ခ် (Volker Türk) က သောကြာနေ့ အစီရင်ခံစာ ထုတ်ပြန်ချိန်နဲ့ အချိန်ကိုက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

“နှစ်ပေါင်း ၁၆၀ ကြာ ကျင့်သုံးလာခဲ့တဲ့ စစ်ပွဲစည်းမျဉ်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း လူသားတွေ ထိခိုက်ခံစားရတာကို ကန့်သတ်တားဆီးဖို့ ရည်ရွယ် ထုတ်ပြန်ထားတာ” လို့လည်း သူက ပြောပါတယ်။ “ လူသားမျိုးနွယ် အတွက်စောင့်ထိန်းရမယ့် ကမ္ဘာ့ နိယာမ လက်ခံ စည်းနှောင်ထားတဲ့ စံနှုန်းတွေထဲက အနိမ့်ဆုံး အဆင့်ကိုတောင် ပဋိပက္ခမှာ ပါဝင် ပတ်သက်နေသူတွေက လက်ခံ ကျင့်သုံးဖို့ ငြင်းဆိုနေတာက ယုံနိုင်ဖွယ် မရှိဘူး” လို့လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

အစီရင်ခံစာထဲမှာ ပဋိပက္ခထဲအတွင်း နှစ်ဘက်စလုံးက ကျူးလွန်တဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အများစုကတော့ အစ္စရေးတပ်ဖွဲ့တွေက လက်တုံ့ပြန် အပြစ်ပေးတဲ့ တိုက်ခိုက်မှုတွေ အတွင်းမှာ ပါလက်စတိုင်းပြည်သူတွေ ထိခိုက်နေရတာနဲ့ ဂါဇာကမ်းမြောင်ဒေသက အရပ်ဘက်အခြေခံအဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခံရတာတွကို အလေးပေး ဖော်ပြထားပါတယ်။

အစီရင်ခံစာထဲမှာ “ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF တွေရဲ့ တိုက်ခိုက်မှု ပုံစံမျိုးစုံနဲ့ ပိတ်ပင် တားဆီးမှု၊ အလုံးစုံ ပိတ်ဆို့ မှုတွေ ကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အပါအဝင် အရပ်သားတွေဟာ အန္တရာယ်ကျရောက်နေပြီး အဆိုးဆုံး ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေးအစိုးရဟာ ပါလက်စတိုင်းနယ်မြေအတွင်းကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးခြင်း၊ အရပ်သားအခြေခံအဆောက်အအုံတွေ ဖျက်ဆီးခြင်းနဲ့ အရပ်သား လူထုကို အကြိမ်ကြိမ် အခါခါ အင်အားသုံး နေရပ် ရွှေ့ပြောင်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂ ရဲ့ ဒီ အစီရင်ခံစာ ထွက်လာချိန်မှာပဲ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေ အကူအညီတွေ ပိုရစေဖို့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးပို့နိုင်မယ့် နယ်စပ် ဖြတ်ကျော် လမ်းကြောင်းသစ်တခုကို ဖွင့်ပေးမယ်လို့ အစ္စရေး တာဝန်ရှိသူတွေက သောကြာနေ့မှာပဲ ကြေညာထားပါတယ်။

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image
image
image
image