ချုံချင့်အကြီးအကဲနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌဆွေးနွေး

နိုဝင်ဘာ ၉

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က Yuzhou Hotel တွင် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက် ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်ဟု နစက-က သတင်းထုတ် ပြန်ခဲ့သည်။

ထို့နောက် ချုံချင့်မြို့ရှိ အလုပ်ရုံ၊ စက်ရုံများကို သွားရောက် လေ့လာခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိနေပြီး နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များက ကူမင်းမြို့မှာ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ထို့အပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့နှင့် သီးသန့်စီ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

#centralnewsmyanmar

imageimage
+7