အပေါ်အမိုးကိုင်းတပ်ဆင်ထားသည့် ဘေးတွဲများ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ
ရန်ကုန်တိုင်းမြို့အစွန်များတွင် မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ်များတွင် အပေါ်အမိုးကိုင်းတပ်ဆင်ထားမှုများကို စီမံချက်များဖြင့် စတင်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။
ဘေးတွဲများအနေဖြင့် အပေါ်အမိုးကိုင်းများဖြုတ်ပြီးမှသာ မောင်းနှင်သွားလာရန်အတွက် ယခုလအတွင်း ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပြီးနောက်တွင် လိုက်နာမှုမရှိသည့်ဘေးတွဲများကို စီမံချက်ဖြင့် ယင်းကဲ့သို့ အရေးယူလုပ်ဆောင်နေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူက ပြောသည်။
တစ်ဘက်တွင်လည်း ယင်းကဲ့သို့ အမိုးကိုင်းများ ဖြုတ်ချရခြင်းကြောင့် မိုးရွှာလျှင်ဖြစ်စေ၊ နေပူလျှင်ဖြစ်စေ စီးနင်းသူခရီးသည်များ ဒုက္ခရောက်ရကြောင်း ဘေးတွဲမောင်းနှင်သူ များကပြောသည်။
“အမိုးကိုင်းတွေ ဖြုတ်ချရတော့ ဒီနေ့ မိုးတွေရွာတော့ ကျွန်တော်တို့ရော စီးနင်းသူရော စိုရွှဲပေါ့၊ အမိုးကိုင်းတွေတပ်ပြီး ရမ်းကားမောင်းတဲ့ ဆိုင်ကယ်တွေကို အရေးယူရင်ပိုကောင်းတာပေါ့၊ အခုအကုန်ဖြုတ်ရတော့ အဆင်မပြေဘူး” ဟုဘေး တွဲဆိုင်ကယ်မောင်းနှင်သူတစ်ဦးက ဆိုသည်။
ဘေးတွဲများ အများစုသည် စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ အမိုးကိုင်းများဖြင့် ငြိ၍ယာဉ်မတော်တဆများ ကြုံလာခြင်း၊ လမ်းကြိုလမ်းကြားများအတွင်း ဝင်ရောက်သွားလာသည့်အခါတွင် အမိုးကိုင်းနှင့်ငြိ၍ ပြဿနာများစွာဖြစ်ခြင်းများလည်း ကြုံရပြီး သက်ဆိုင်ရာထံသို့ တိုင်ကြားလာသူများလည်းရှိကြောင်း အုပ်ချုပ်ရေးပိုငိးကလည်း ပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယခင်ကအနှေးယာဉ် (ဆိုက်ကား)များခေတ်စားခဲ့ပြီး ယခုတွင်မူ ဆိုင်ကယ်ဖြင့် ချိတ်ဆွဲတပ်ဆင်ထားသည့် ဘေးတွဲများ နေရာယူလာလျက်ရှိလာပြီ ဖြစ်သည်။