စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ ကာကွယ်ရေးဝန်ကြီးပြော
နိုဝင်ဘာ ၈၊ နေပြည်တော်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့နေရာမှာ အကြောင်းမဲ့ပျက်ကွက်သူတွေကို ဥပဒေနဲ့ အညီ အရေးယူဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
စစ်မှုထမ်းဖို့ စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေနဲ့ သင်တန်းကျောင်းကိုရောက်ရှိပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူတွေကို အရေးယူဖို့ သူကပြောတာဖြစ်ပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့နေရာမှာ အောက်ခြေအဖွဲ့အစည်းတွေအနေနဲ့ ငွေကြေး ဆိုင်ရာ မသမာမှုတွေမရှိဖို့ လိုတယ်လို့လည်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က နိုဝင်ဘာ ၇ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဒါအပြင် ပြည်သူ့စစ်မှုထမ်းဖို့ ခေါ်တဲ့နေရာမှာ အတင်းအဓမ္မဆင့်ခေါ်တဲ့ ပုံစံမျိုးမဖြစ်စေဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြောပါတယ်။
ဒီအစည်းအဝေးကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးလည်း တက်ခဲ့ပြီး အားနည်းချက်အားသာချက်တွေကို အခြေခံပြီး လိုအပ်ချက်တွေ ဖြည့်ဖို့ ပြောပါတယ်။
စစ်မှုထမ်းခေါ်တာ အပတ်စဉ်(၆)ခုအထိ ရှိနေပြီဖြစ်ပါတယ်။
#centralnewsnaypyitaw