အင်ဒိုနီးရှားနှင့်ရုရှား ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်
နိုဝင်ဘာ ၅၊ နိုင်ငံတကာ။
အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို (Prabowo Subianto) သည် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ တစ်ခုအနေဖြင့် ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားသည် ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကာလကြာရှည် ကျင့်သုံးခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲ သို့မဟုတ် အမေရိကန်-တရုတ် အားပြိုင်မှုတွင် မည်သည့်ဘက်မှ ရပ်တည်ခဲ့ခြင်းမရှိပေ။
သို့သော် သမ္မတသစ် ပရာဘိုဝိုသည် အနောက်နိုင်ငံများ၏ ဖိအားများရှိနေသည့်တိုင် ရုရှားနှင့်ဆက်ဆံရေး မြှင့်တင်မည်ဟု ပြောကြားခဲ့သည်။
"အင်ဒိုနီးရှားနိုင်ငံအတွက် အကျိုးရှိနေသမျှ ကာလပတ်လုံး အခုလို ပထဝီနိုင်ငံရေး အင်အားစုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားဟာ မိတ်ဖက်ဆက်ဆံမှုတွေ ပြုလုပ်သွားပါလိမ့်မယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ၏ သုတေသီတစ်ဦးဖြစ်သူ ပီတာ ပန်ဒီ (Pieter Pandie) က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ပါဝင်သည့် အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ်ကလည်း ရုရှားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားသည် ယခင်က ယခုကဲ့သို့ ရုရှားနှင့် တိုက်ရိုက် ပူးတွဲစစ်ရေး လေ့ကျင့်မှုမျိုး ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။
အင်ဒိုနီးရှားသည် ရုရှားနှင့် ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသည့် ကုန်သွယ်ဖက် ဆက်ဆံရေး ရှိသော်လည်း ရုရှား အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် မကြာသေးမီက ရုရှားထံမှ လက်နက်ဝယ်ယူမှုများ လျော့ကျခဲ့ ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
လက်ရှိတွင် ပရာဘိုဝိုသည် ၂၀၁၈ ခုနှစ်က သဘောတူညီမှု ရရှိခဲ့သည့် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ တန်ကြေးရှိသည့် ရုရှားလုပ် တိုက်လေယာဉ်များ ဝယ်ယူရေး သဘောတူညီချက်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။
ထိုအချိန်က ပရာဘိုဝိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်ဖြစ်ပြီး အမေရိကန်၏ သတိပေး ချက်များ ရှိခဲ့သည့်တိုင် ရုရှားနှင့် တိုက်လေယာဉ် ဝယ်ယူရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-2 အစည်းအဝေး၌ ရုရှားကိုမဖိတ်ရန် အနောက်နိုင်ငံများမှ တိုက်တွန်းခဲ့သော်လည်း အင်ဒိုနီးရှားမှ ရုရှားကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
Source: Nikkei Asia
ပုံ - အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဥ်
#centralnewsnaypyitaw