ရွှေဘောလုံးဆုရှင် ရိုဒရီကို နည်းပြဂွာဒီယိုလာ ဂုဏ်ပြု
--------------------
(၂၀၂၄)ခုနှစ်ရဲ့ ရွှေဘောလုံးဆုရှင်ဖြစ်လာခဲ့တဲ့ မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို နည်းပြ ဂွာဒီယိုလာက အောက်တိုဘာလ(၂၉)ရက်နေ့မှာ ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။ ရိုဒရီဟာ ရွှေဘောလုံး ဆုကို ရီးရဲလ်မတ်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဗီနီစီးယက်စ်ဂျူနီယာကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာပါ။
ရိုဒရီအနေနဲ့ အခုလိုရွှေဘောလုံးဆုရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိသလို မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတာကြောင့်လည်း ဝမ်းသာမိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောပါတယ်။
ရိုဒရီအနေနဲ့ အခုအချိန်မှာ ဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိ အနားယူနေရပေမယ့်လည်း အမြန်ဆုံး ပြန် ကောင်းလာဖို့အတွက် မျှော်လင့်မိတယ်လို့လည်း နည်းပြဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် (၄)ကြိမ်ဆက်ရရှိအောင် လုပ်ဆောင် ပေးနိုင်ခဲ့ရာမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို(၂၀၂၄) ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။