လူမျိုးရေးပြဿနာ ပေါ်လာပါက လာချိဒ်ဒေသစစ်ပွဲဖော်သူ တာဝန်ဟုပြော

အောက်တိုဘာ ၃၀

လာချိဒ်လူမျိုး အများစုနေထိုင်ရာ ကချင်ပြည်နယ်အရှေ့မြောက်ဖျား ကချင်အထူးဒေသ(၁) ဒေသတွင် စစ်ပွဲများ ဖော်ဆောင်လာခြင်းကြောင့် လူမျိုးရေးပြဿနာ ပေါ်ပေါက်လာပါက စစ်ပွဲဖော်ဆောင်သူ အဖွဲ့အစည်း၏ တာဝန် ဖြစ်သည်ဟု လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။

လာချိဒ်တစ်မျိုးသားလုံး၏ သဘောထား ထုတ်ပြန်ချက်ဟုဆိုကာ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အရှေ့မြောက်ဖျား ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကံပိုက် တည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးရ ဒေသတွင် လာချိဒ်လူမျိုးများ အေဒီ- ၇၀၀ ခန့်မှ ယနေ့ထိ ခေတ်အဆက်ဆက် ဘိုးဘေးများ ငြိမ်းချမ်းစွာ နေထိုင်ရာ ဇာတိချက်မြှုပ်မြေ ဌာနေဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သည့် ကချင်အထူးဒေသ(၁)ဒေသအတွင်းက ချီဖွေ၊ ပန်ဝါ၊ ကံပိုက်တည်၊ ဆဒုံး စသည့် ဒေသများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KIA လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ တိုက်ခိုက်လာခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် ချီဖွေမြို့နယ်အား KIA-KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ပန်ဝါမြို့ကို ထပ်မံသိမ်းပိုက်ခဲ့သလို အောက်တိုဘာ ၂၁ ရက်နေ့၌ ကံပိုက် တည်နှင့် ဆဒုံးကြား စင်ကြိုက် ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် ၁၀၀၃ ကို သိမ်းပိုက်ခဲ့သည်။

KIA-KPDF ပူးပေါင်းတပ်ဖွဲ့က ကချင်အထူးဒေသ(၁) နယ်မြေကို တိုက်ပွဲဖော်ဆောင်လာခြင်းကြောင့် ဒေသတွင်း နေ လာချိဒ်လူမျိုးများနှင့် တခြားသော မျိုးနွယ်စုပေါင်း ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက “ ၂၀၂၄ ခုနှစ်၊ လာချိဒ်လူမျိုးများ နေထိုင်ရာဒေသများတွင် တိုင်း တစ်ပါးရန်ကို တိုက်ခိုက်သကဲ့သို့ စစ်မက်တိုက်ပွဲများ ဖော်ဆောင်ခြင်းကြောင့် ဌာနေတိုင်းရင်းသားဒေသခံ ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခြင်း၊ လူသားချင်း စာနာမှုကင်းမဲ့စွာ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေ ရသဖြင့် လာချိဒ်တစ်မျိုးသားလုံး လွန်စွာဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ရပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့ သည်။

ထို့နောက် ကချင်အထူးဒေသ(၁)တွင် ကချင်မျိုးနွယ်စု အချင်းချင်း လက်နက်ကိုင်စစ်မက် ဖော်ဆောင်ဖန်တီးသည့် တာဝန်ရှိသူများအားလုံး စစ်ပွဲများ ချက်ခြင်းရပ်တန့်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။

လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက “ လူမျိုးရေးပြဿနာနှင့် သမိုင်းဆိုးကျိုးများ ပေါ်ပေါက်လာပါက စစ်မက်ဖော်ဆောင်သူ အဖွဲ့အစည်း၏ တာဝန်သာဖြစ်ပါသည်။ ကချင်မျိုးနွယ်စုအချင်းချင်း လက်နက်ဖြင့် တိုက်ပွဲ ဖော်ဆောင်တိုက်ခိုက်ခြင်းကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခြင်းကို လာချိဒ်တစ်မျိုး သားလုံးမှ လိုလားပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်”ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုဒေသ(ကချင်အထူးဒေသ-၁) များတွင် အဖက်ဖက်၌ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရာ ၁၉၉၀ ခုနှစ်တွင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်၍ ထာဝရ ငြိမ်းချမ်းရေး ရယူပြီး ဌာနေပြည်သူများ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဘက်စုံဖွံ့ဖြိုးတိုး တက်လာပြီး ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဟု လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ကချင်အထူးဒေသ(၁)နယ်မြေများသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ဒေသများဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များရှိသလို တရုတ်နိုင်ငံ၏ မြေရှားသတ္ထူ တူးဖော်ရေး စီမံကိန်းများနှင့် တစ်ရှူးငှက် ပျော် စိုက်ခင်းများ စီမံကိန်းများလည်း ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂွမ်ရှောင်နှင့် တွေ့ဆုံကာ တိုက်ပွဲများ ရပ်တန့်ရန် ဆွေးနွေးခဲ့ကြသည်။

သို့သော် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသည့်နောက်ပိုင်း တရုတ်အစိုးရဘက်က တရုတ်နိုင်ငံနှင့်ထိစပ်နေသော ကချင်ပြည်နယ်အတွင်းက နယ်စပ်ဂိတ်ပေါက်များကို ပိတ်ဆို့ထားသည်။

ပုံ - KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်(ဓာတ်ပုံ-Supplied)

#centralnewsnaypyitaw

image