27 w - Translate

ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလား

အားကစားသမားတွေက အရောင်အသွေးနဲ့ ပတ်သက်ပြီး အစွဲရှိကြတယ်။ အများအားဖြင့် Muhammad Ali က ဘောင်းဘီဖြူပဲ ဝတ်လေ့ရှိတယ်။ Ricky Hatton လည်း မိုးပြာရောင်ပါတဲ့ ဘောင်းဘီပဲ ဝတ်တာပါ။ Mike Tyson က ဘောင်းဘီနက်ပဲ သဘောကျတယ်။ ထပ်မေးစရာရှိတာက ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလား။

ဘောက်ဆင်စည်းမျဉ်းထဲမှာ ကစားသမားတွေက ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်မရှိဘူးလို့ တားမြစ်မထားပါဘူး။ ဒါပေမယ့် ဝိတ်ချိန်တဲ့နေ့မှာ အားကစားကော်မရှင်က ခွင့်ပြုပေးတဲ့ အသုံးအဆောင်တွေကိုပဲ ဝတ်ဆင်ရမယ်လို့ ပြဌာန်းထားတယ်။ အားကစားကော်မရှင် ခွင့်မပြုရင် ဝတ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။

၁၉၈၆ ခုနှစ်မှာ Mike Tyson က WBC Heavyweight Champion ဖြစ်တဲ့ Trevor Berbick ကို စိန်ခေါ်တယ်။ ထူးခြားတာက ကြိုးဝိုင်းထဲမှာ ဘောင်းဘီအရောင်တူ ဖြစ်နေတာပဲ။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ချန်ပီယံ Trevor Berbick ကိုပဲ ဦးစားပေးတယ်။ ဒါက ထုံးစံပါပဲ။ စိန်ခေါ်သူ Mike Tyson ဟာ ဘောင်းဘီအရောင် ပြောင်းဝတ်ရမယ်။ ဘောင်းဘီနက် ဝတ်ခွင့်မရှိပါဘူး။

သိတဲ့အတိုင်း Mike Tyson က ခေါင်းမာတယ်။ ပွဲနေ့မှာ ဘောင်းဘီနက်ဝတ်လာတယ်။ လက်အိတ်ကလည်း အနီရောင်။ ကစားသမားတွေက ဆင်တူဖြစ်ကုန်တယ်။ ဖိနပ်ကလည်း အရောင်တူပါ။ ခြေအိတ်ရှည် ဝတ်မထားလို့ တော်သေး။ အကုန်လုံးက ခပ်ဆင်ဆင်ဖြစ်နေတယ်။

သူတို့တွေမှာ ခြေအိတ်နဲ့ အရပ်ပဲ ကွဲတာပါ။ Mike Tyson က Trevor Berbick ကို ဒုတိယအချီမှာ အလဲထိုးနိုင်ပြီး WBC Heavyweight Champion ဖြစ်လာတယ်။ အသက်ငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲအပြည့်အစုံကို စိတ်ဝင်စားရင် ဒီမှာ bit.ly/2Hl3MDP ကြည့်ပါ။

နီဗားဒါးပြည်နယ် အားကစားကော်မရှင်က Mike Tyson ကို ဒေါ်လာ (၅) ထောင် ဒဏ်ရိုက်လိုက်ပါတယ်။ ထိုးကြေးက ဒေါ်လာ (၁.၅) သန်းရထားလို့ အေးဆေးပါပဲ။ ဘာဖြစ်လို့ တားမြစ်သလဲဆိုရင် ရုပ်သံစီစဉ်တင်ဆက်သူတွေ အခက်တွေ့မှာ စိုးလို့ပါ။ "ဘောင်းဘီနက်ကို ဝတ်ဆင်ထားသူက Trevor Berbick ဖြစ်ပါတယ် . . . ဘောင်းဘီပြာကို ဝတ်ဆင်ထားသူက Mike Tyson ပါခင်ဗျာ" လို့ ကြေညာရမှာလေ။

အခုလိုဘောင်းဘီအရောင်တူနေတော့ ရုပ်ရည်အသွင်အပြင်နဲ့ ကြေညာလိုက်ရင် အဆင်မပြေပါဘူး။ ပြီးတော့ ပရိသတ်တွေလည်း မျက်စိရှုပ်ကုန်မှာလေ။ နောက်ပိုင်းမှာ ဘောင်းဘီဒီဇိုင်းဆန်းတွေ တီထွင်ဖန်တီးလာပြီဆိုတော့ ဆင်တူမဖြစ်တော့ပါဘူး။ ဘောင်းဘီအရောင်တူမယ်ဆိုရင်တောင် ဒီဇိုင်းတူမှာ မဟုတ်ဘူးလေ။ Mike Tyson လို ဒဏ်ရိုက်ခံစရာအကြောင်း မရှိတော့ဘူးပေါ့။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Reference Source – Boxing Scene
Photo Credit - Mike Tyson
Credit to ကျော်စိုးအောင် (Myanmar Fight Edition)

image