ကွန်ဂို၌ လူ ၂၅ ဒသမ ၆ သန်းခန့် စားနပ်ရိက္ခာပြတ်လတ်နေ--ကုလ
ကင်ရှာဆာ၊အောက်တိုဘာ ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ လူဦးရေ ၂၅ ဒသမ ၆ သန်း သို့မဟုတ် လူဦးရေ၏ ၂၂ ရာခိုင်နှုန်းသည် အစားအစာမဖူလုံမှုကို ဆိုးရွားစွာကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။
ထိခိုက်မှု ကို အဆိုးရွားဆုံး ခံစားရသော လူများမှာ အဓိကအားဖြင့် နိုင်ငံတွင်းပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများနှင့်နေရပ်ပြန်သူများဖြစ်ကြပြီး စားနပ်ရိက္ခာမဖူလုံမှုသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်အထိ လက်ရှိအခြေအနေအတိုင်းဆက်ရှိနေမည်ဟု ကုလသမဂ္ဂအေဂျင်စီကခန့်မှန်းထားသည်။
အက်ဖ်အေအိုဒါရိုက်တာရိန်းပေါလ်ဆန် က "ကွန်ဂို ရှိ လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာဖူလုံမှုအခြေအနေသည် အရေးကြီးနေဆဲဖြစ်ကာ လက်နက်ကိုင်အကြမ်းဖက်မှုများနှင့် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုများကြောင့် ကျေးလက်လူနေမှုဘဝနဲ့ အခြေခံအဆောက်အဦများကို အကြီးအကျယ် ပျက်စီးစေခဲ့ပြီး မရှိမဖြစ်လိုအပ်သည့်စိုက်ပျိုးထုတ်လုပ်မှုကိုလည်းအနှောင့်အယှက်ဖြစ်စေပါတယ်" ဟုလည်းဆိုခဲ့သည်။
နိုင်ငံတွင်းပဋိပက္ခများနှင့် ဘေးအန္တရာယ်များကြောင့် ကွန်ဂို၌ လူပေါင်း ၇ သန်းခန့်သည် ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏ မကြာသေးမီကထုတ်ပြန်သည့် အစီရင်ခံစာအရသိရသည်။