မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
အောက်တိုဘာ ၂၉၊ နေပြည်တော်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံ ငွေကျပ် ၂,၃၈၃.၈ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ ည နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ(မြောက်)ရပ်ကွက်၊ ၈၀ လမ်း၊ ၃၆ x ၃၇ လမ်းကြားတွင် လမ်းလျှောက်လာသူ မအိအိမျိုး(ခ)နန်းအိမြတ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၉နာရီ ၄၅ အချိန် ၎င်းတည်းခိုနေထိုင်သည့် အဆိုပါမြို့နယ်၊ ဟေမမာလာ (မြောက်)ရပ်ကွက်၊ ၈၀ လမ်း၊ ၃၆ x ၃၇ လမ်းကြားရှိ ဟိုတယ်အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၉၂၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၃၀၈.၈ သိန်း)နှင့် အက်တက်စီဆေးပြား ၄၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇ သိန်း)တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မအိအိမျိုး(ခ)နန်းအိမြတ်(၂၇)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw