ကလေးမြို့တွင် TOYOTA MARK II ယာဉ် ၂ စီးပေါ်မှ သိန်း ၄၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

အောက်တိုဘာ ၂၈၊ နေပြည်တော်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် TOYOTA MARK II ယာဉ် ၂ စီးပေါ်မှ ကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိခံကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ) မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ အချိန် ဘိန်းဖြူများရောင်းချခိုင်းသူ မျိုးကိုဦးနှင့် မဆန်ချင်းတိလ်တို့ ၂ ဦးအား ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ TOYOTA MARK II မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများအား မန္တလေးမှ ဖိုးကျော်(ခ)ကျော်ကျော်(ခ) မော်သင်းနှင့်ဇနီး မခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်း သိုဝှက်ပြီး ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage