မြို့ပတ်ရထား ခရီးစဉ်တွေကို DEMU တွဲဆိုင်းသစ်တွေနဲ့ ပြောင်းလဲ ပြေးဆွဲမည်
အောက်တိုဘာ ၂၈
မြို့ပတ်ရထား ခရီးစဉ်တွေကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်း သစ်တွေနဲ့ နိုဝင်ဘာလအတွင်း ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ဌာနကနေပြောပါတယ်။
“မြို့ပတ်မှာ DEMU တွဲဆိုင်းသစ်တွေနဲ့ မကြာခင်မှာ ပြောင်းလဲ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ Level Crossing တွေ၊ ဂိတ်တွေ၊ ကားလမ်းကူးတွေမှာ ကားတွေချော့မွှေ့စွာကူးနိုင်ဖို့ အန္တရာယ်ကင်းစွာကူးနိုင်ဖို့ အော်တိုအချက်ပြ ဂိတ်ပိတ်စနစ်တွေကို တပ်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်”လို့ မြန်မာ့မီးရထားမှ တိုင်းအမှတ် ၇ တာဝန်ခံ လက်ထောက်အထွေထွေမန်နေဂျာ ဦးထွန်းဝေက ပြောပါတယ်။
မီးရတားလမ်းပိုင်း တောင့်တင်းခိုင်မာအောင် အဆင့် မြှင့်တင်တာတွေ၊ အော်တို အချက်ပြပစ္စည်းကိရိယာ တပ်ဆင်ခြင်းတွေ၊ ဘူတာ အဆင့် မြှင့်တင်တာတွေ ကို ၂၀၁၉ ခုနှစ်ကတည်းက လုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
DEMU အတွဲ (၆) တွဲပါတဲ့ တွဲဆိုင်း (၁၁) ဆိုင်းနဲ့ မြို့ပတ်ရထားခရီးစဉ်တွေကို ပြောင်းလဲပြေးဆွဲမှာ ဖြစ်ပြီး လက်ရှိမှာ တွဲဆိုင်း (၉)ဆိုင်း ရောက်ရှိထားနေပြီလို့ ဦးထွန်းဝေက ပြောပါတယ်။
ခရီးစဉ် လက်မှတ်ခ နှုန်းထားတွေကို အောက်တိုဘာ (၂၀) ရက်နေ့ကတည်းက (၀) မိုင်ကနေ (၁၅) မိုင်အထိ ကျပ် (၄၀၀)နဲ့ (၁၅)မိုင် အထက် ခရီးစဉ်ကိုတော့ ကျပ် (၈၀၀) ကောက်ခံတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw