"အရာအားလုံးမှာ Expired date ရှိပါတယ်"
Newsfeed ကို ပွတ်လိုက်ရင်
- မိဘတစ်ပါးပါး ဆုံးသွားသူတွေ ရှိတယ်
- မိသားစုနဲ့ ပျော်နေသူ ရှိတယ်
- အိမ်ထောင်ကွဲသွားသူ ရှိတယ်
- ယောက်ျားက ဘယ်လိုဂရုစိုက်ကြောင်း ပြောနေသူ ရှိတယ်
- လမ်းပျောက်နေသူ ရှိတယ်
- ဘွဲ့ရသွားတဲ့ပုံ တင်နေတဲ့သူ ရှိတယ်
တကယ့်ပြင်ပဘဝမှာလည်း ဒီလိုပဲနေမယ်။ ဘဝဆိုတာကိုက သုခ ဒုက္ခ ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်နေတာပဲ။
စိတ်ညစ်စရာတွေ ကြုံရတဲ့အချိန်မှာ ငါတစ်ယောက်တည်း ဒီလိုတွေ ဖြစ်နေရတယ်လို့ တွေးမိခြင်းက အတော်ခံရခက်စေတယ်။ ကိုယ့်ထက် ဆိုးတဲ့သူတွေလည်း အများကြီး ရှိနေသေးတယ် ဆိုတာကို သတိရဖို့ လိုတယ်။ ကိုယ် အခု ကြုံနေရတာကလည်း အချိန်တန် ပြီးသွားမှာပဲ။ ဒါကိုက လောကသဘာဝပဲ။
ဒီလိုသဘောပေါက်ထားခြင်းဟာ အဆိုးလောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ကို ကူညီပေးပါလိမ့်မယ်။
အမေဆိုတာ တစ်ခါတုန်းက သမီးပါပဲ ဆိုသလို၊ ကွဲသွားတဲ့ အိမ်ထောင်တစ်ခုဟာ တစ်ချိန်ကတော့ Right person ဖြစ်ခဲ့ဖူးတယ်။
ကျရှုံးနေတဲ့ လူတစ်ယောက်ဟာလည်း တစ်ချိန်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုတွေအပြည့်နဲ့ ဖြစ်ခဲ့ဖူးလိမ့်မယ်။
မကျန်းမာတော့တဲ့ လူတစ်ယောက်ဟာလည်း အရင်ကတော့ သိပ်ဖျတ်လတ်တဲ့သူ ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။
အကောင်းလောကဓံတွေကလည်း မတည်မြဲပါဘူး။ မမြဲလို့ပဲ လောကဓံလို့ ခေါ်တာပေါ့။ မမြဲတာကို မမြဲဘူးလို့ သိထားလိုက်ရင် မရခင်မှာလည်း ငမ်းငမ်းတက် မဖြစ်ဘူး။ ရနေတုန်းမှာလည်း မထောင်လွှားဘူး။ ဆုံးရှုံးရရင်လည်း သိပ်ပြီး မတုန်လှုပ်တော့ဘူး။
ကောင်းတာတွေနဲ့ ကြုံရင် ပျော်တယ်။ မကောင်းတာတွေ ကြုံရင် စိတ်ညစ်တယ်။ ဒါ ဘယ်သူ့မှာမဆို တွေ့ရတတ်တဲ့ တုံ့ပြန်မှုတွေပါ။ သဘာဝပဲ။ ထူးပြီး အားထုတ်နေစရာ မလိုဘူး။ အခြေအနေပေါ် မူတည်ပြီး စိတ်က အတက်အကျ ဖြစ်နေမှာပဲ။
တကယ်တမ်း စိတ်ငြိမ်းချမ်းချင်တဲ့သူတစ်ယောက်ကတော့ ကြိုးစားရပါလိမ့်မယ်။
အကောင်းနဲ့ ကြုံနေရချိန်လည်း မမြဲခြင်းသဘောကို သတိရ။ အဆိုးနဲ့ ကြုံနေရချိန်လည်း မမြဲခြင်းသဘောကို သတိရ။
ဒါမှသာ လောကဓံတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အတက်အကျနည်းပြီး တည်ငြိမ်စွာနဲ့ တုံ့ပြန်လာနိုင်မှာ ဖြစ်ပါတယ်။