မျက်နှာစကင်ဖတ်နိုင်တဲ့ စက်ရုပ်ခွေးတွေနဲ့ အင်ဒိုနီးရှားမှာ ကင်းလှည့်
အင်ဒိုနီးရှားတောင် စက်ရုပ်ခွေးတွေ ၊ စက်ရုပ်ရဲတွေနဲ့ ကင်းလှည့်တဲ့အဆင့် ဖြစ်နေပြီ။
Polri လို့ ခေါ်တဲ့ အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့က ဒီလ ၁ ရက်နေ့စလို့ ရဲလုပ်ငန်းစဉ်မှာ စက်ရုပ်တွေ သုံးနေတဲ့ပုံတွေ တက်လာတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ ၇၉ နှစ်ပြည့်အကြိုအနေနဲ့ ဂျာကာတာမြို့ လမ်းတွေပေါ် ရဲတပ်ဖွဲ့သုံး လူတူစက်ရုပ် humanoid နဲ့ စက်ရုပ်ခွေး ၂၅ ခု သုံးပြီး ကင်းလှည့်ပြတာပါ။
ကင်းလှည့်ပွဲမှာ စက်ရုပ်ကို Polri ရဲယူနီဖောင်းနဲ့ ဦးထုပ်ဆောင်းခိုင်းထားတာပါ။ ပတ်ဝန်းကျင်အခြေအနေကို ထောက်လှမ်းဖို့အတွက်လည်း ၃၆၀ ဒီဂရီပတ်လည်ကြည့် ကင်မရာစနစ်သုံး ယာဉ်ကြောစောင့်ကြည့်နိုင်စွမ်းနဲ့ မျက််နှာပြင်ဖတ်ရှုနိုင်တဲ့ နည်းပညာတွေ ပါပါတယ်။
ဒီ robotcops တွေက ဗုံးရှင်းလင်းရေးလုပ်နိုင်သလို ရှာဖွေကယ်ဆယ်ရေးတွေမှာပါ သုံးနိုင်မှာပါ။ ရဲဝန်ထမ်းတွေအတွက် အန္တရာယ်များတဲ့နေရာတွေမှာ ဒီစက်ရုပ်တွေက တော်တော့်ကို အသုံးဝင်ပါလိမ့်မယ်။ ဂျာကာတာကင်းလှည့်ပွဲမှာ ပြသသွားတဲ့ စက်ရုပ်ခွေးက ပုံမှန်ရဲခွေးတွေလို မူးယစ်ဆေးဝါး နဲ့ ဖောက်ခွဲရေးပစ္စည်းလို အန္တရာယ်ရှိတဲ့အရာတွေ ရှာဖွေနိုင်စွမ်း ရှိပါတယ်။
"ကျွန်တော်တို့ i-K9 စက်ရုပ်တွေက အင်မတန်ပြင်းထန်တဲ့ ရာသီဥတုမှာ ၈ နာရီအထိ အလုပ်လုပ်နိုင်ပါတယ်။ ဒီစက်ရုပ်တွေက ဉာဏ်ရည်တုနည်းပညာနဲ့ ပေါင်းစပ်ထားတာပါ။" လို့ စက်ရုပ်တွေ ထုတ်နေတဲ့ Sari Teknologi ရဲ့ CEO ဂျိုဟန်နက်စ် ကာနီယာ ဝီဒ်ဂျာဂျာက ပြောပါတယ်။
လုံခြုံရေးသုံး humanoid ရဲစက်ရုပ်တွေကို အပြည့်အဝအသုံးမချခင် နာရီထောင်နဲ့ချီ စမ်းသပ်မှုတွေ algorithms မွမ်းမံပြင်ဆင်မှုတွေ လုပ်ရဦးမှာပါ။ အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာတော့ နောက်နှစ်က စလို့ စက်ရုပ်ခွေး robodogs တွေ သုံးဖို့ စီစဉ်ထားပါတယ်။
