ရေကြည်ချမ်းမြ
---------------
ဒီနှစ်ပိုင်းထဲ ကျနော့်အမေဖြစ်ရတာ
အမေ အရမ်းပင်ပန်းခဲ့မှာပဲ
ခြံတံခါးရှေ့ လူရိပ်တွေ့တိုင်း
သားငယ်လား ဆိုပြီး
မျက်ခုံးပေါ် လက်ကလေးအုပ်
မျက်မှောင်ကြုတ်ပြီး ကြည့်သေးလား
ရွှေစာရံဘုရား အတော်ချစ်တဲ့ သားမို့
တပေါင်းပွဲအမှီ ပြန်လာမယ်လို့ ယုံနေတုန်းလား
လူမစုံတော့တဲ့ ထမင်းဝိုင်းထဲ
မရှိတဲ့သားငယ် ကြိုက်တတ်တဲ့ ဟင်းလေး
ရွေးချက်တုန်းလား
ဘုရားစင်ပေါ်
ဗယာကြော်တွေ သားငယ်သက်စေ့ ကပ်တုန်းပဲလား
အိမ်ရှေ့မှာ
သားငယ်စိုက်တဲ့ ကံ့ကော်ပွင့်တော့
ရွာထဲက အပျိုဖြန်းမှန်သမျှ
ချွေးမ...လို့ လိုက်ခေါ်တဲ့ အမေ
အမေ့သားငယ်ဟာ
ရောက်ရာအရပ် ပန်းတွေစိုက်မှာ
အခုလည်း သရဖီတွေပွင့်ပြီမို့
"ကျနော့်မှာ
မခူးရက်လည်း ပျိုးပြီး နမ်းရှာတယ်
အမေ့ကိုလည်း
ရူးမတတ်ပဲ ခိုးပြီး လွမ်းပါတယ် ”
လူအချို့ ကျနော့်ကို စွန့်ပစ်တဲ့အခါ
နို့ပျဉ်းကျ အမေ့ရင်ခွင်ကို လွမ်းတယ်
ထူသူမဲ့ ကျနော် ကျရှုံးတဲ့အခါ
အရေတွန့် အမေ့လက်ဖဝါးလေး လွမ်းတယ်
ထိမိတဲ့
ခလုတ်တွေက များလိုက်တာ
ကျနော့်မှာ ဘာမှမရှိတော့ပါ
သို့သော်...အမေရှိတယ်
ဒီနှစ်ပိုင်းထဲ ကျနော့်အမေဖြစ်ရတာ
အမေ အရမ်းပင်ပန်းမှာ ။
ဆန်းကျော်စွာဝင်း