20 w - Translate

ဒီနေ့ခေတ်မှာ စာဖတ်ဖို့ ဘာကြောင့်လိုအပ်လာတာလဲ

စာဖတ်တဲ့ဓလေ့ဟာ ဘဝမှာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့်လည်း “အလိမ္မာ စာမှာရှိ” ၊ “ စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ ဆိုကြတာဖြစ်ပါတယ်။ ကဲ . . . ဒါဆိုရင် စာဖတ်တဲ့ဓလေ့ဟာ ဘာကြောင့်အရေးကြီးသလဲလို့ မေးလာရင် အချက်ကျကျ ဖြေနိုင်သူနည်းပါလိမ့်မယ်။ လူတိုင်း စာပေကို ဘာကြောင့် ဖတ်သင့်သလဲဆိုတာ အချက် (၈) ချက်နဲ့ ကျနော် တင်ပြပါမယ်။

(၁) ဗဟုသုတကြွယ်ဝခြင်း (ကိစ္စတိုင်းကို အရင်သိခြင်း)

စာဖတ်အားကောင်းသူတွေဟာ သူများထက် မသိတာမရှိဖြစ်တဲ့အပြင် ကိစ္စတိုင်းကို ခေါင်းအေးအေးနှင့် ဖြေရှင်းနိုင်စွမ်းရည် ပိုကောင်းပါတယ်။ ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြတဲ့အပြင် မိမိကိုယ်တိုင် ဘယ်အလုပ်ကို ဝါသနာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ပါတယ်။ ထို့အပြင် ပဋိပက္ခဖြေရှင်းနိုင်စွမ်းဆိုတာ စာဖတ်ပြီး အကြားအမြင်များမှသာ ဖြစ်နိုင်ပါတယ်။

(၂) ဘဝတိုးတက်ခြင်း

စာဖတ်မှသာ မိမိဘဝတိုးတက်နိုင်ပါတယ်။ စာဖတ်ထားမယ်ဆိုရင် လောကကြီးအကြောင်းကို ပိုသိပြီး ဒီနေ့ခေတ်လူတွေ ဘယ်လိုစိတ်ထားမျိုးထားတယ်၊ ဘယ်လိုအကြောင်းအရာမျိုးကို စိတ်ဝင်စားတယ်ဆိုတာကအစ ဘယ်လိုစီးပွားရေးလုပ်ငန်းလုပ်ရင် ပိုပြီးတော့အောင်မြင်မယ်ဆိုတာအထိ ခွဲခြားသိမြင်နိုင်ပါတယ်။ စာအုပ်စာပေဆိုတာ ဘဝအတွက် တည်ငြိမ်အေးချမ်းတဲ့ သူငယ်ချင်း၊အယုံကြည်ရဆုံး အကြံပေးအရာရှိ၊ သဘောထားကြီးတဲ့ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် သန်းကြွယ်သူဌေးတိုင်းမှာ တူညီတဲ့အလေ့အကျင့်က စာဖတ်တာပဲ ဖြစ်ပါတယ်။

(၃) နားလည်နိုင်စွမ်းရည် တိုးတက်ခြင်း

စာအုပ်များများ ဖတ်တဲ့အခါ နားလည်မှုစွမ်းရည် မြင့်တက်လာပြီး လောကကြီးရဲ့ အကြောင်းပိုနားလည်လာပါတယ်။ ဥပမာ – မိကျောင်းရဲ့ အကြောင်းကို စာအုပ်ထဲမှာ လေ့လာထားတယ်ဆိုပါတော့၊ မိကျောင်းရဲ့ ကျက်စားရာနေရာ၊ ဘယ်လိုအကြောင်းအရာကြောင့် မိကျောင်းအကိုက်ခံရတယ်ဆိုတာ သိရှိပြီး သတိထားနိုင်ပါတယ်။ တကယ်လို့ မိကျောင်းဖမ်းခိုင်းရင်တောင် မိကျောင်းရဲ့ သဘောသဘာဝကို သိနေရင် မခက်ခဲတော့ပါဘူး။ တကယ်ဆို စာဖတ်တယ်ဆိုတာ လူလောကသဘော၊သဘာဝကို ပိုပြီးသိရှိစေချင်တာပါပဲ။ ဂိမ်းတစ်ခုကစားတဲ့အခါ ဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းကို သိနေရင် လွယ်ကူသလိုပေါ့၊ စာဖတ်ပြီး လူတွေရဲ့ သဘောကို သိနေရင် အောင်မြင်ဖို့ မခက်ခဲတော့ပါဘူး။

(၄) ပွဲမဝင်ခင် ပြင်ဆင်ခြင်း

တကယ်ဆို အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဘယ်အရာတွေက လိုအပ်ချက်ရှိမလဲ၊ ဘယ်အရာတွေက အားနည်းချက်ရှိသလဲဆိုတာ သိသင့်ပါတယ်။ ဒါတွေကလည်း စာဖတ်မှပဲ သိမှာပါ။ စာဖတ်ခြင်းက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဟင်းဘယ်လိုချက်ရမယ်၊ စစ်တုရင် ဘယ်လိုထိုးရမယ်၊ စားသောက်ဆိုင်မှာ ဟင်း ဘယ်လိုမှာရမယ်ဆိုတာကအစ အသုံးဝင်စေပါတယ်။ ကိစ္စတိုင်းကို မပြုလုပ်ခင် အရင်သုံးသပ်ပြီး လုပ်ဆောင်ရင် အောင်မြင်ဖို့ နီးစပ်မယ်ဆိုတာ စာဖတ်ခြင်းကပဲ သင်ပေးနိုင်တာဖြစ်ပါတယ်။

(၅) အခြားသူများထံမှ အတွေ့အကြုံရရှိခြင်း

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကို စာဖတ်ပြီးတော့ သူတို့ရဲ့ ဘဝအတွေ့အကြုံ၊ ဖြတ်သန်းမှုတွေကို သင်ယူရရှိနိုင်ပါတယ်။ လိုချင်တဲ့ပန်းတိုင်ကို သွားတဲ့နေရာမှာ မှားဖူးတဲ့အမှားကို နောက်တစ်ကြိမ်ထပ်မမှားနိုင်တာကြောင့် ဘဝမှာလွယ်လွယ်ကူကူနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ အောင်မြင်သူတွေရဲ့ အကြံဉာဏ်၊ ကျရှုံးသူတွေရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ထားတဲ့သူဟာ စာအုပ်ကိုင်ပြီး ရတနာသိုက်ရှာရသလိုပါပဲ။ ဘဝဆိုတာ ခေါက်ရိုးကျိုး အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေဖို့ အချိန်မရှိပါဘူး။ တိုတောင်းလွန်းပါတယ်။ ဒီနေ့ခေတ်မှာ ဘီလီယံနာပေါင်း ၂၂ဝ၈ ဦး ရှိပါတယ်။ ကိုယ်လည်း သူတို့လိုဖြစ်ဖို့ သူတို့အရင်က ဘယ်လိုဖြတ်သန်းခဲ့လို့ ဒီနေ့မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ သင်ခန်းစာယူပြီး ကြိုးစားလို့ရတယ်ဆိုတာ စာအုပ်ဖတ်ထားမှပဲ ဖြစ်နိုင်ပါတယ်။

(၆) ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း

စာဖတ်ထားရင် စာမဖတ်တဲ့သူနဲ့ နှိုင်းယှဉ်ရင် လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ ပိုပြီး သာနေမှာဆိုတာ သေချာပါတယ်။ ဒီနေ့ခေတ် ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိပြီး လူမှုဆက်ဆံရေး အဆင်ပြေပြီး အာင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါပြီ။ စာဖတ်အားကောင်းတဲ့ သူက စကားပြောလည်း ပြေပြစ်တဲ့အတွက် သူတစ်ပါးနားဝင်ချိုအောင် စည်းရုံးသိမ်းသွင်းနိုင်ပြီး ကိုယ့်အတွက် မိတ်ဆွေသူငယ်ချင်းတိုးပွားစေပါတယ်။

(၇) အာရုံစူးစိုက်ခြင်း

စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးဖတ်နေမယ်ဆိုရင် စာရေးဆရာဘာကို ဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်ပြီး ပိုမိုထိရောက်စေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု ပိုအားကောင်းစေပြီး စာဖတ်ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ်ချက်မမှားကြပါဘူး။ စာအုပ်ဖတ်နေတုန်းမှာ စိတ်နှလုံးဟာ စာအုပ်ပေါ်မှာပဲ နှစ်ထားတဲ့အတွက် စာအုပ်သမားတွေဟာ သာမန်လူများထက် အာရုံစူးစိုက်မှုပိုကောင်းပါတယ်။

(၈) စိတ်ကူးယဉ်၊ဖန်တီးမှု ပိုကောင်းခြင်း

စာဖတ်အား ကောင်းသူတွေဟာ သူများနှင့်မတူ အတွေးအခေါ် ပိုကောင်းလေ့ရှိပါတယ်။ လူအများမမြင်နိုင်တဲ့ ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး မထင်မှတ်တဲ့လုပ်ရပ်တွေကို လုပ်ပြလေ့ရှိပါတယ်။ “ မဖြစ်နိုင်ဘူးဆိုတာ လောကမှာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ်” လို့ ခံယူထားကြလို့ပါ။ စာအုပ်တွေဆိုတာ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်ကြီးနဲ့ တူပါတယ်။ ဘယ်လိုတစ်ခုကို တစ်ခု ချိတ်ဆက်နေတယ်ဆိုတာ သိလာလေလေ အတွေးအခေါ်အသစ်တွေ ကွန့်မြူးလာလေလေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတော့တယ်။

image