20 w - Translate

ပြည်တွင်းရွှေဈေး ကျပ် သိန်း ၅၀ ကျော်ထိ စံချိန်တင် မြင့်တက်

ပြည်တွင်း အခေါက်ရွှေစျေးနှုန်းဟာ ဒီကနေ့ မေ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ ကျပ် သိန်း ၅၀ ကျော်ကို စံချိန်တင် မြင့်တက် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက အခေါက်ရွှေတကျပ်သားကို ကျပ် လေးဆယ့်ကိုးသိန်း ကိုးသောင်းနဲ့ စတင် ဈေးဖွင့်ခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီ ဝန်းကျင်မှာတော့ အခေါက်ရွှေတကျပ်သားကို ကျပ် သိန်းငါးဆယ် နှစ်သောင်းကျပ်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ သိန်း ၅၀ ကျော်သွားပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့မှ ရုတ်တရက်ကြီး ဒေါ်လာ ၅၀ လောက် တက်သွားတယ်။ ဒေါ်လာဈေးကလည်း ၄၀၀၀ ကျော်သွားတယ်ပေါ့။ အဲဒီနှစ်ခု တိုက်ဆိုင်ပြီးတော့ ဒီမှာ ရွှေဈေးတွေ တက်သွားတယ်ပေါ့။ ရွှေဈေး ပြန်မကျဘူးဆိုရင် ၅၀ ကျော်မှာပဲ ဆက်သွားမှာပေါ့။ ဘယ်လောက်အထိ ဆက်ကျော်မလဲဆိုတာကတော့ မှန်းရခက်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ မေလ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ တအောင်စ ၂၃၆၈ ဒေါ်လာဈေး ဖြစ်ပေါ်နေပြီး တပတ်အတွင်း တအောင်စ ၇၆ ဒေါ်လာ မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ မေလ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ တဒေါ်လာ ရောင်းဈေး ၄၀၆၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး တပတ်အတွင်း တဒေါ်လာ ကျပ် ၇၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေစျေး စံချိန်တင် ထိုးတက်နေချိန်မှာ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်မလုပ်ဘဲ စျေးကွက် ယာယီရပ်ဆိုင်းထားမှုတွေလည်း ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“လက်ရှိ ‌ရွှေဈေးကွက် အနေအထားကတော့ အရောင်းအဝယ်ပါးနေတယ်။ ဝယ်တဲ့သူလည်း နည်းနေသလို ရောင်းတဲ့သူလည်း နည်းပါတယ်” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

အခုလို ပြင်ပရွှေစျေးကွက်မှာ ရွှေဈေး ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင် မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ကတော့ ဒီကနေ့ မေ ၁၆ ရက်နေ့လယ်ပိုင်းအချိန် အကယ်ဒမီ မီးလင်းရွှေစျေးကို ကျပ် သုံးဆယ့် ကိုးသိန်း ကိုးသောင်း ကိုးထောင့်ကိုးရာဈေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

image