21 w - Translate

မုဒုံမြို့တွင် နှစ်ပေါင်း ၄၃ နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ပြီး လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တ လေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်သည် ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သည်။

မေ ၁၂ ရက်က မုဒုံမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အပူချိန်မှာ ၃၉ ဒသမ ၈ ဒီဂရီဆဲစီးယပ်ဖြစ်ပြီး ယင်းအပူချိန်မှာ မုဒုံမြို့တွင် မိုးလေဝသစခန်းဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ၄၃ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်ဖြစ်သည်ဟု မိုးဇလက ထုတ်ပြန်သည်။

ယခင်က တင်ရှိခဲ့သည့် မုဒုံမြို့၏ အပူချိန်စံချိန်မှာ ၂၀၁၄ ခုနှစ် မေ ၆ ရက်ကဖြစ်ပြီး စံချိန်ဟောင်းမှာ ၃၉ ဒသမ ၃ ဒီဂရီဆဲစီးယပ် ဖြစ်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် လာမည့်နှစ်ရက်အတွင်း နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မိုးတိမ်တောင်များမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ထွန်းလျက်ရှိပြီး မိုး တိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း မိုးဇလက အသိပေးထားသည်။

မေ ၁၂ ရက်က ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအခြေအနေများမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့်ဖြစ်ထွန်းခဲ့သည်။

နေ့အပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီ ဆဲလ်စီးယပ်မှ ၆ ဒီဂရီဆဲလ်စီးယပ်အထိ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည် ဟု မိုးဇလက ထုတ်ပြန်သည်။

မေ ၁၂ ရက်တွင် ဖြစ်ပေါ်ခဲ့သော ထူး ခြားသည့်နေ့အပူချိန်များမှာ အောင်လံမြို့တွင် ၄၂ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ ကျောက်ဆည်(လွန်ကျော်)တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့နှင့် ရွှေကျင်မြို့တို့တွင် ၄၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီ၊ ညောင်ဦးမြို့၊ ချောက်မြို့နှင့် မကွေးမြို့တို့တွင် ၄၁ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စီနှင့် ပြည်မြို့၊ ငါးသိုင်းချောင်းမြို့နှင့် မော်လမြိုင်မြို့တို့တွင် ၄၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စီတို့ဖြစ်သည် ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အလားတူ ဒေသအချို့တွင်လည်း မိုးရွာသွန်းခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပန်းတနော်မြို့တွင် ၁ ဒသမ ၂၇ လက်မ၊ ဖလမ်းမြို့တွင် သုည ဒသမ ၈၇ လက်မ၊ ဘိုကလေးမြို့တွင် သုည ဒသမ ၇၄ လက်မ၊ ဒေး ဒရဲမြို့တွင် သုည ဒသမ ၅၉ လက်မ၊ ရန်ကုန် (မရမ်းကုန်းမြို့နယ်) နှင့် မြိတ်မြို့တို့တွင် သုည ဒသမ ၄၇ လက်မစီ၊ မအူပင်မြို့နှင့် ကျိုက် လတ်မြို့တို့တွင် သုည ဒသမ ၄၀ လက်မစီ၊ ကျောက်မဲမြို့တွင် သုည ဒသမ ၃၂ လက်မနှင့် ညောင်ရွှေမြို့၊ ဟားခါးမြို့နှင့် ခရမ်းမြို့တို့တွင် သုည ဒသမ ၂၄ လက်မစီတို့ဖြစ်သည်ဟု မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။