21 w - Translate

ဝက်ကျောက်ကပ် အစားထိုးကုသခဲ့တဲ့ လူနာ နှစ်လအကြာမှာ သေဆုံး

အမေရိကန်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို အစားထိုးခွဲစိတ်ခံယူခဲ့တဲ့ လူနာဟာ ခွဲစိတ်ပြီးနောက် နှစ်လအကြာမှာ သေဆုံးသွားကြောင်း ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေက ပြောပါတယ်။

ဆရာဝန်တွေက အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့် လူနာသေဆုံးမှုဟာ မကြာသေးမီက ဝက်ကျောက်ကပ်အစားထိုးမှုကြောင့်ဆိုတဲ့ အရိပ်လက္ခဏာမရှိကြောင်း မက်ဆာချုးဆက်ရှိ အထွေထွေဆေးရုံမှ ဆရာဝန်တွေကပြောပါတယ်။

ဘော်စတွန်ဆေးရုံမှ ဆရာဝန်တွေဟာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတယောက်ကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ ပြီးခဲ့တဲ့ မတ်လက ခွဲစိတ်အစားထိုးခဲ့ပေးခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ ခွဲစိတ်မှုခံယူပြီးနောက် အခြေအနေကောင်းမွန်လာတာကြောင့် ဧပြီလမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း အမေရိကန်ဆရာဝန်အဖွဲ့ဟာ ဦးနှောက်သေနေတဲ့ လူနာတယောက်ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်ကို ကမ္ဘာ့ပထမဆုံး အစားထိုးခွဲစိတ်ပေးခဲ့ဖူးပါတယ်။

ဒါပေမယ့် မတ်လက အစားထိုးခွဲစိတ်မှုကတော့ သက်ရှိထင်ရှားလူနာတယောက်မှာ ပထမဆုံးသော ဝက်ကျောက်ကပ်အစားထိုးမှုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း အခြားရွေးချယ်စရာ ကုသမှုနည်းလမ်းမရှိတော့တဲ့ လူနာတယောက်ကို မျိုးရိုဇီဇပြုပြင်ထားတဲ့ ဝက်နှလုံးနဲ့ အစားထိုး ကုသခဲ့ပြီး လူနာဟာ ခွဲစိတ်ပြီးနောက် နှစ်လအကြာမှာ သေဆုံးခဲ့ပါတယ်။