21 w - Translate

အာရှဒေသတွင် စံချိန်တင်ပူ ပြင်းသည့် အပူလှိုင်းများကျရောက်မှုကြောင့် အစိုးရများသည် စာသင် ကျောင်းများကို ပိတ်ခဲ့ရသဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် သန်းနှင့်ချီသည့် ကလေးငယ်များ၏ ပညာရေးအပေါ် ခြိမ်းခြောက်နေသည့် အထောက်အထားတစ်ခုကို ပြသရာရောက်ခဲ့သည်။

အာရှ၏ နေရာဒေသအချို့တွင် ရာသီအလိုက် မိုးရွာသွန်းမှုများရှိခဲ့သဖြင့် အပူဒဏ်မှာ အနည်းငယ် သက်သာရာရခဲ့သော်လည်း ကျယ်ပြန့်သည့် မိုးလေဝသပြဿနာမှာ ဆက်ရှိနေဆဲဖြစ်ကာ နိုင်ငံအများစုသည် စာသင်ကျောင်းများအပေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲရန် ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အာရှတိုက်သည့် တစ်ကမ္ဘာလုံး ပျမ်းမျှအတိုင်းအတာထက် ပိုမိုလျင်မြန်စွာ ပူနွေးလာပြီး ရာသီဥတု ပြောင်းလဲမှုသည်လည်း မကြာခဏ ပိုဖြစ်လာပြီး၊ ပိုမိုကြာမြင့်စွာဖြစ်ပွားကာ ပြင်းထန်သည့်အပူလှိုင်းများ ပိုမိုကျရောက်လာခဲ့သည်။

သို့သော် အပူဒဏ်သည် တစ်ခုတည်းသော စိန်ခေါ်မှုမဟုတ်ပေ။

ပူနွေးသည့် လေထုသည် စိုထိုင်းစပိုမိုများပြားပြီး မိုးသည်ထန်စွာရွာသွန်းခြင်းနှင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပွားစေနိုင်သည်။

ထိုအခြေအနေများက စာသင်ကျောင်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထို့ပြင် ထိုကဲ့သို့သော သ ဘာဝဘေးအန္တရာယ်များဖြစ်လာချိန်တွင် စာသင်ကျောင်းများသည် ကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုခံရမည်ဖြစ်သဖြင့် ကျောင်းသားများကို ပညာသင်ကြားပေးနိုင်မည် မဟုတ်ပေ။

ပူပြင်းသည့် မိုးလေဝသအခြေအနေသည် တောမီးလောင်ကျွမ်းမှု နှင့် လေထုညစ်ညမ်းမှုများကို မြင့်တက်စေပြီး ထိုအခြေအနေများသည် အိန္ဒိယမှ သြစတြေးလျအထိ နိုင်ငံအများအပြားတွင် စာသင်ကျောင်းများကို ပိတ်ရသည့် အဓိက အကြောင်းရင်းများ ဖြစ်စေခဲ့သည်။

“ရာသီဥတုပြသနာက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ကလေးတွေ ရင်ဆိုင်နေရသည့် ဒိဋ္ဌဖြစ်ရပ် ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEFက ပြီးခဲ့သည့်နှစ်တွင် သတိ ပေးခဲ့သည်။

အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သည့် မိုဟွာ အက်ခ်တာနျူအာသည် သူတက်နေသည့်ကျောင်း ပိတ်ထားခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ အခန်းတစ်ခန်းထဲသာရှိသည့် နေအိမ်အတွင်း ပူလောင်အိုက်စပ်မှုကို ခံစားနေရသည်။

လျှပ်စစ်မီးကလည်း မကြာခဏ ပြတ်တောက်နေသဖြင့် အပူဒဏ်မှ သက်သာရာရစေရန် ပန်ကာ ပင်မဖွင့်နိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

“အပူဒဏ်ကတော့ မခံစားနိုင်အောင်ပါပဲ။ သမီးတို့ကျောင်းလည်း ပိတ်ထားပါတယ်။ ဒါပေမယ့် အိမ်မှာလည်း စာမလုပ်နိုင်ပါဘူး”ဟု နျူအာက ပြောကြားခဲ့သည်။

ဧပြီလသည် ကမ္ဘာလုံးဆိုင်ရာ လအလိုက် အပူချိန်များစံချိန်တင် မြင့်တက်သည့် ၁၁ လမြောက် လ ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင်လည်း အပူပြင်းဆုံး ဧပြီလကို ခံစားနေရသည်ဟု Save The Children အဖွဲ့၏ ညွှန်ကြားရေးမှူး ရှူမွန် ဆန်ဂူပ်တာက ပြောကြားခဲ့သည်။

“အပူချိန်က မြင့်တက်နေရုံသာ မကပါဘူး။ ပူပြင်းတဲ့ အချိန်ကာလနဲ့ နေ့ရက်တွေကလည်း ပိုမိုရှည်လျား နေပါတယ်”ဟု ၎င်းက ပြောသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်၏ နေရာအချို့တွင်သာ အပူလှိုင်းများကျ ရောက်ခဲ့သော်လည်း ယခုတွင် တစ် နိုင်ငံလုံးနီးပါး အပူလှိုင်းများကျ ရောက်ခဲ့သည်ဟု ဆန်ဂူပ်တာက ပြောသည်။

အာရှဒေသ၏ နိုင်ငံအများစုရှိ စာသင်ကျောင်းများတွင် မြင့်တက်လာသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် သင့်တော်သည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားခြင်းမရှိပေ။

ထို့ပြင် အပူချိန်မြင့်မားမှုကြောင့် ကျောင်းသားများ၏ ကျန်းမာရေးကို စိုးရိမ်ရသဖြင့် ကျောင်းများကို ပိတ်ထားခြင်းသည်လည်း ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်စေနိုင်သည်ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျန်းမာရေးကျွမ်းကျင်သူ ဆယ်ဝါ အလာယာနီက ပြောသည်။အထူးသဖြင့် နေအိမ်တွင် ကွန်ပျူတာနှင့် အင်တာနက်ကဲ့သို့ ပညာရေးအတွက် သင်ထောက်ကူပစ္စည်းများမရှိသည့် ဆင်းရဲသည့် ကျောင်းသားများသည် စာသင်ကျောင်းများ ပိတ်ထားမှု၏ ဆိုးကျိုးကို ခံနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။