21 w - Translate

ကားတွေ ဆီစားနှုန်းများလာရတာ ဘာကြောင့်လည်း?
ဆီတစ်ဂါလန်မှာရတဲ့ ခရီးမိုင်နှုန်းလျော့သွားတာ ဘာကြောင့်လဲ

လောင်စာဆီဝယ်ရတာ ခက်ခဲတဲ့ အခုလိုအခြေအနေမျိုးမှာ ကားပိုင်ရှင်များအားလုံးအတွက် အကျိုးရှိစေမယ့် ကားပညာဗဟုသုတအကြောင်းကို မျှဝေပေးချင်ပါတယ်။ကားအင်ဂျင်စက်တစ်လုံးမှာ စနစ်ပေါင်းများစွာနဲ့ ဖွဲ့စည်းလည်ပတ်နေတာကြောင့် စနစ်တစ်ခုခုမှာ ပြစ်ချက်အားနည်းချက်ရှိပါက အင်ဂျင်လည်ပတ်မှု မမှန်ကန်တော့ပဲ လောင်စာဆီပိုပြီး ကုန်ကျလာတတ်ပါတယ်။

ဆီစားနှုန်းကို mile per gallon (mpg) ယူနစ်နဲ့ဖော်ပြလျှင် ဆီတစ်ဂါလန်ကုန်သွားတိုင်း ခရီးမိုင် ဘယ်လောက်မောင်းနိုင်သလဲဆိုတာ ယာဉ်မောင်းသူသိရှိနိုင်ပါတယ်။ ဆီတစ်ဂါလံမှာ ရနိုင်တဲ့ မိုင်နှုန်းထက် လျော့ကျသွားရင် ဆီပိုစားနေပြီဆိုတာ သိနိုင်ပါပြီ။ ဆီစားများနေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ပြုပြင်ကုစားနိုင်ရင် ဆီစားသက်သာလာမှာပါ။

ဆီစားများ/ကြမ်းနေတဲ့ အကြောင်းအရင်းများ

(၁) အောက်ဆီဂျင်ဆင်ဆာ အားနည်းခြင်း
အောက်ဆီဂျင်ဆင်ဆာမှ အာရုံခံပေးပို့တဲ့ Data တွေအရ ကွန်ပျူတာ PCM (Powertrain Control Module) က လေနဲ့ လောင်စာဆီအချိုးကို ပြောင်းလဲပေးပါတယ်။ O2 Sensor ရဲ့တုံ့ပြန်မှု အားနည်းတာကြောင့် ဆီများတဲ့အချိုးအစား ဖြစ်နေခဲ့ရင် ဆီပိုကုန်ပါတယ်။

(၂) Coolant ဆင်ဆာ မကောင်းတော့ခြင်း
Coolant ဆင်ဆာ အပြစ်ကြောင့် သတင်းပို့ မမှန်ပါက PCM (Powertrain Control Module) ရဲ့ အင်ဂျင်ထိန်းချုပ်မှု ဖြစ်စဉ်မှာ လောင်စာဆီ ပိုသုံးရပါတယ်။

(၃) သာမိုစတတ် မကောင်းခြင်း
အင်ဂျင်အအေးခံစနစ်တွင် သာမိုစတတ်ကိုသုံးသည်။ သာမိုစတတ် မူမမှန်ဖြစ်ခြင်းကြောင့် လောင်စာဆီ ပိုသုံးရပါတယ်။

(၄) အင်ဂျင် Misfire ဖြစ်ခြင်း
အင်ဂျင် Misfire ဖြစ်နေပါက လောင်စာဆီလေလွင့်ဆုံးရှုံးမှုဖြစ်လို့ ဆီပိုစားပါတယ်။ Misfire ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ မီးပေးစနစ် (Ignition) ပြဿနာများဖြစ်တဲ့ ပလပ် (Plug) မကောင်းခြင်း၊ Plug Coil မီးထွက်အားနည်းခြင်း စတဲ့ပြစ်ချက်တွေကြောင့် Misfire ဖြစ်ပါတယ်။

(၅) MAF ဆင်ဆာမှာ ချေးပိတ်နေခြင်း
MAF (ခေါ်) Mass Airflow Sensor ရဲ့ တာဝန်က အင်ဂျင်အတွင်းသို့ ၀င်ရောက်သော လေ ပမာဏကိုတိုင်းတာပေးခြင်း ဖြစ်ပါတယ်။ MAF ဆင်ဆာမှ ကွန်ပျူတာ PCM သို့ပို့ပေးသော သတင်းအမှားများကြောင့် အင်ဂျင်လုပ်ဆောင်ချက်များ မူမမှန်ဖြစ်ပြီး စက်နှိုးရခက်ခဲခြင်း၊ အင်ဂျင်ပါ၀ါကျခြင်း၊ အင်ဂျင်တုန်ခါခြင်း၊ ဆီစားများလာခြင်း စတဲ့ လက္ခဏာများ ဖြစ်ပေါ်စေပါတယ်။ Air Cleaner အထူးသန့်ရှင်းရန် လိုသကဲ့သို့ MAF ဆင်ဆာယူနစ်ကိုလည်း ခြောက်လ တစ်ကြိမ် စစ်ဆေးခြင်း၊ ဆေးကြောသန့်ရှင်းခြင်းများ ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။


(၆) Spark Plugs များမကောင်းခြင်း
ပလပ်မကောင်းလျှင် မီးပွား(Spark)အားနည်းပြီး လောင်စာများအပြည့်အဝ မီးလောင်ပေါက်ကွဲခြင်းမဖြစ်လို့ ဆီပိုကုန်ပါတယ်။အရည်အသွေးကောင်းတဲ့ Iridium ကားပလပ်ကို ရွေးချယ်သုံးစွဲပါ။

(၇) Injector များ ညစ်ပတ်ပိတ်ဆို့နေခြင်း
EFI စနစ်သုံးတဲ့ ခေတ်ပေါ်ကားများမှာ Injector ကောင်းမှ ဆီဖြန့်ဝေမှု၊ ဆီလောင် ကျွမ်း မှု မှန်ကန်နိုင်ပါတယ်။

(၈) အင်ဂျင် Compression ကျနေခြင်း
Compression ကျနေတဲ့ အင်ဂျင်တစ်လုံးသည် Fuel Efficiency ကျဆင်းပြီး ဆီပိုကုန်ပါတယ်။

(၉) အင်ဂျင်ဝိုင်ရွေးချယ်မှု မှားနေခြင်း
အင်ဂျင်ဝိုင်ပျစ်လျှင် အင်ဂျင်ခုခံမှုများတာကြောင့်ဆီပိုကုန်ပါတယ်။ Low Viscosity အင်ဂျင်ဝိုင် များဖြစ်တဲ့ 5W-30/10W-30 Synthetic Engine Oil များကိုသာသုံးပါ။

(၁ဝ) Air Cleaner လေစစ်ညစ်ပတ်နေခြင်း
လေစစ်တွင် ဖုန်မှုန့်များ၊ အမှိုက်များပိတ်နေပါက အင်ဂျင် အသက်ရှုကြပ်ပြီး ဆီပိုကုန်ပါတယ်။

(၁၁) အိတ်ဇော Catalytic Converter ပိတ်နေခြင်း
အိတ်ဇောပိုက်လိုင်းစနစ်တွင် Catalytic Converter ပိတ်နေပါက Back Pressure ဖြစ်ပြီး ဆီပိုကုန်စေပါတယ်။

(၁၂) ကလပ်ချော်နေခြင်း
ကလပ်ပလိပ်စားနေပြီး ကလပ်ချော်နေပါက အင်ဂျင်ပါဝါဆုံးရှုံးတာကြောင့် ဆီပိုကုန်ပါတယ်။

(၁၃) တာယာ လေပေါင်ဖိအားနည်းခြင်း
တာယာလေပေါင်ဖိအားနည်းနေပါက Tire Rolling ခုခံမှုပိုများလာပြီး ဆီပိုကုန်ပါတယ်။ တာယာလေ‌ပေါင် မှန်မှန်ချိန်ပေးပါ၊နိုက်တြိုဂျင်လေပဲ ထိုးပါ။

(၁၄) ကားဘရိတ်ရှူးများ ငြိနေခြင်း
ဘရိတ်ငြိနေပါက အင်ဂျင်ပိုပြီး ရုန်းကန်ရတာကြောင့် ဆီပိုကုန်ပါတယ်။

သင့်ကား ဆီစားသက်သာစေဖို့ အထက်ဖော်ပြပါ ပြစ်ချက်တွေကို စစ်ဆေးပြုပြင်ပေးပါ။
Preventive Maintenance ကို ပုံမှန် လုပ်ပေးပါ။ လိုအပ်လျှင် ဝပ်ရှော့ပ်ဆရာနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်ကား အင်ဂျင်ကို (Tunning)ကျူးနင်းလုပ်သင့်ပါတယ်။