21 w - Translate

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင်(၅၃)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မေလ ၅ ရက်မှ ၉ ရက်အထိ ဖွင့်လှစ်ကုသခဲ့ရာ မျက်စိဝေဒနာရှင်ပေါင်း ၇၇၄ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၂၈၄ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ လေးလတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန်စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။

"ဒီတစ်ခေါက်က သိန္ဒီတို့ ကွတ်ခိုင်တို့ မူဆယ်တို့ နမ့်ခမ်းတို့ဘက်တွေက မလာနိုင်ကြဘူး ။ နည်းသွားတယ် ။အခြေအနေအရပေါ့လေ ။ အခုတစ်ခေါက်က အတော်စွန့်စားပြီး လုပ်ရတာ ။ ဆရာဝန်တွေ လာပေးတာကို ကျေးဇူးတင်ရတာပဲ " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။

ယခုကဲ့သို့ အခမဲ့မျက်စိကုသမှု အစီအစဉ်အောင်မြင်စေရန် ပညာဒါန ၊ လုပ်အားဒါန ၊ အနီးအဝေးမှ ငွေအလှူရှင်အပေါင်းတို့နှင့် ကျေးဇူးတင်ထိုက်သူ အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း သီပေါသီတဂူစက္ခုဒါနဆေးရုံ အဖွဲ့သားများမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု သီပေါမဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက ဆက်လက်မိန့်ကြားခဲ့သည် ။

သီပေါ သီတဂူစက္ခု ဒါန ဆေးရုံ မှာ စတင်ဖွင့်လှစ်သည့် ၂၀၀၈ ခုနှစ်မှစတင်ကာ ၁၆ နှစ်တာကာလအတွင်း မျက်စိကုသမှုပေါင်း စမ်းသပ်မျက်စိလူနာပေါင်း ၃၆၀၇၃ ဦး ၊အခမဲ့ခွဲစိတ်ကုသပေးခဲ့သော မျက်စိလူနာပေါင်း ၈၈၁၉ ဦး တို့ကို အခမဲ့ကုသခွဲစိပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။