21 w - Translate

အချိန်မရှိတဲ့ကြားက ဝိတ် ဘယ်လို
ချသွားမလဲ


၁) မလုပ်ရင် မလုပ်ဘူး၊ တကယ်လုပ်တဲ့ အချိန်မှ ကောင်းကောင်းလုပ်မယ် ဆိုတဲ့ စိတ်ကို ဖျောက်ပါ ကျွန်တော်တို့တွေမှာ ရှိတတ်တာက အချိန်ရတဲ့ အခါမှသာ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်မယ်၊ အစားအသောက်အသေအချာ ဆင်ခြင်ပြီး ပိန်အောင် လုပ်မယ် ဆိုတဲ့ စိတ်မျိုး ရှိကြပါတယ်။ ပိုဆိုးတာက အဲဒီလို ဆင်ခြေတွေပေးပြီး ကျန်တဲ့ အချိန်တွေမှာ မဆင်မခြင် နေထိုင် စားသောက်ပစ်ကြတာပဲ။ တကယ်က အနည်းအကျဉ်းလေးရရင် ရသလို ဂရုစိုက်ပြီး နေထိုင်စားသောက်တာမျိုး ဖြစ်သင့်တာပါ။

၂) ရရင် ရသလို ကိုယ်လက်လှုပ်ရှားပါ မနက်ပိုင်းမှာ (၁၀) မိနစ်၊ ညပိုင်းမှာ (၁၀) မိနစ် စာလောက်ပဲ ကိုယ်လက်လှုပ်ရှားဖို့ အချိန်ရတယ် ဆိုလည်း အဲဒီအချိန်လေးတွေမှာ မပျက်မကွက် လှုပ်ရှားပါ။ အိပ်ထမတင် လေ့ကျင့်ခန်းကလေး နည်းနည်း၊ ဒိုက်ထိုးသလို အနေအထားမှာ တံတောင်ဆစ်၊လက်ဖျံ၊လက်ဖဝါး အပြားလိုက်နဲ့ ကြမ်းပြင်ကို ထောက်ပြီး တစ်ကိုယ်လုံးကို တောင့်ထားရတဲ့ planking လေ့ကျင့်ခန်းကလေး နည်းနည်းဟာလည်း ပုံမှန်လုပ်သွားရင် အများကြီး အကျိုးရှိပါတယ်။ အချိန်ရရင် ရသလို ၊ လမ်းလျှောက်လို့ ရတဲ့ ခရီးတိုဆို လမ်းပဲ လျှောက်သွားပါ။ ဓာတ်လှေကားအစား ခြေကျင်အတက်အဆင်းလုပ်ရတဲ့ လှေကားတွေကို ပို သုံးပေးပါ။

၃) မတ်တပ်ရပ် လို့ ရရင် ထိုင်မနေပါနဲ့ လှုပ်ရှားမှုနည်းတဲ့ အနေအထားမှာ အကြာကြီး အနေများတာဟာ လူကို ဝ စေတဲ့ အချက်ပါပဲ။ တချို့ အချိန်တွေ ၊ ဥပမာ ရုံးမှာ ကွန်ပျူတာနဲ့ ထိုင်လုပ်ရတာတွေ၊ စာရင်းအင်း ကိစ္စတွေကတော့ ထိုင် ရမှာပေါ့။ ဒါပေမဲ့ မနက်ပိုင်း ရထားစီးချိန်တွေ၊ မနက်စာ စားပြီး တီဗီသတင်းတွေ ခဏတဖြုတ်နားထောင်မိချိန်တွေ၊ ဖုန်း ဆက်ချိန်တွေမှာ မဖြစ်မနေထိုင်စရာ မလိုဘူးဆိုရင် သက်တောင့်သက်သာအနေအထားလေးနဲ့ မတ်တပ်ရပ်နေလို့ ရနေတာပဲ။

၄) အမျှင်ဓာတ် (Fibre) ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေး စားသောက်ပါ ပုံမှန်အလုပ်လုပ်ကိုင်နေရသူတွေ၊ မအားလပ်သူတွေအတွက်ကျတော့ အစားအသောက်ကို စနစ်တကျ တွက်ချက် ပြင်ဆင်ပြီး ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ သွားလာစားသောက်ရင်းနဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ဦးစားပေး စားသောက်တာမျိုးတွေ လုပ်လို့ရပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး စတဲ့ အစားအသောက်တွေမှာ အမျှင်ဓာတ်ကြွယ်ဝ တာမို့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ဒါတွေနဲ့ ဗိုက်ပြည့်သွားတဲ့အခါ ဝ စေတဲ့ အစားအသောက်တွေ စားဖြစ်တော့မှာ မဟုတ်ပါဘူး။

၅) အိပ်ရေးမပျက်စေနဲ့ အိပ်ရေးကိုလည်း မျှတအောင် ဂရုစိုက်ရမှာပါ။ အိပ်ရေးပျက်ရင် လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့ အားမပြည့်ဖြစ်နေမယ့် အပြင် စိတ်ကိုကြည်လင်အောင် အချိုရည်တွေ၊ သကြားဓာတ်ကဲတဲ့ အဖျော်ရည်တွေ သောက်မိရင် ခါးမှာ ၊ ဗိုက်မှာ အဆီတွေ စု လာဦးမှာ ဖြစ်ပါတယ်။

ဝလို့၊ လှလို့ လို့ မြန်မာစကားမှာသာ ပြောကြပေမယ့် တကယ်တမ်းမှာ ဝ တာဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေတာမို့ ဝတာ မကောင်းပါဘူး။ အလုပ်များတာမို့ ကျန်းမာရေးအတွက် သက်သက် အချိန်ပေးပြီး အဝမလွန်အောင် ဂရုမစိုက်နိုင်ဘူး ဆိုသူတွေလည်း ဒီ နည်းလမ်းလေးတွေ ဖတ်ပြီး ဆင်ခြင်အသုံးချနိုင်အောင် မျှဝေပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

image