ကျမဆံညှပ်ဆိုင်က ဆင်းလာခဲ့ပြီး
ပိုက်ဆံအိတ်ထဲ ကားသော့စမ်းတာမတွေ့ဘူး။
ဆံပင်ညှပ်ဆိုင်ပြန်သွားရှာတော့လည်း မတွေ့ဘူး။
ကားထဲမှာစက်နှိုးပြီး သော့တန်းလန်းထားခဲ့တာကို
နောက်မှ သတိရမိတယ်။
ကျမက ကားပေါ်တက်လိုက်တာနဲ့
အေးနေမှကြိုက်တယ်။
ဒါကြောင့်လည်း
ဘယ်သွားသွား ကားစက်ကိုနှိုးထားပစ်ခဲ့တတ်တယ်။
ကျမယောက်ျားကလည်း
အဲဒီလိုထားထားရင် ကားအခိုးခံရတတ်တယ်ဆိုပြီး
အမြဲဆူဆူပူပူပြောတတ်တယ်။
ကျမ အယူအဆကတော့
စက်နှိုးပြီးထားခဲ့ရင် အမြဲအေးနေတဲ့အပြင်
သော့ပျောက်မှာလည်း မပူရဘူး။
ကျမလည်း ကားပါကင်ရှိရာကို
ခပ်သွက်သွက်လေးသွားလိုက်တယ်။
ဗုဒ္ဓေါ-ကျမရပ်ထားခဲ့တဲ့နေရာမှာ ကားမတွေ့ဘူး။
ဒီတခါတော့ ယောက်ျားပြောတာ မှန်သွားပြီ။
ကျမလည်း စိတ်တည်ငြိမ်အောင်ကြိုးစားပြီး
ရဲကို ကားပျောက်တိုင်လိုက်တယ်။
ကားအမှတ်၊ အရောင်၊ အမျိုးအစား
သေသေချာချာပြောပြလိုက်တယ်။
ရဲကိုတိုင်ပြီးတော့မှ
ကျမအတွက် အလွန်တရာခက်ခဲတဲ့အလုပ်တစ်ခုကို
လုပ်ရတော့မယ်။
အဲဒါကတော့
ကားပျောက်တဲ့အကြောင်း
ယောက်ျားကို အကြောင်းကြားဖို့ပဲ။
ယောက်ျားကိုမပြောခင် ရင်အေးအောင်
အအေးလေးတစ်ခွက် သောက်လိုက်ရသေးတယ်။
"အချစ်ရေ"
ဒီလိုမျိုးအခြေအနေဆိုရင်
ကျမယောက်ျားကို ဒီလိုမျိုးလေး ခေါ်တတ်တယ်။
"အချစ်ရေ-ကားထဲသော့တန်းလန်းထားခဲ့မိလို့
အခု ကားအခိုးခံလိုက်ရပြီ။"
ယောက်ျား ဘာမှပြန်မပြောပဲ ငြိမ်နေတယ်။
ဖုန်းများချပစ်လိုက်တာလား။
ရုတ်တရက်ယောက်ျားအသံကြားလိုက်ရတယ်။
"မင်းရူးနေသလား?
ငါ-မင်းကို စူပါမတ်ကက်ရှေ့ ပေါ်တီကိုအောက်မှာ
ချထားပေးခဲ့တာလေ။"
ဒီတစ်ကြိမ် ကျမငြိမ်ရမဲ့အလှည့်ပဲ။
ပြီးမှ အားယူပြီး "အချစ်ရေ-ပြန်လာခေါ်ပေးနော်။"
ယောက်ျားရဲ့အော်ငေါက်သံကျယ်ကျယ်
ထွက်ပေါ်လာတာက
"အေး-ဒီက အမှုကိစ္စပြတ်ရင်လာခေါ်မယ်။
အခု မင်းတိုင်ထားတဲ့ကားပျောက်မှုနဲ့ ငါ့ကို
ရဲက ဖမ်းထားပြီ....။
credit
