အကြီးဆုံးတွေပဲ နားလည်တဲ့
ခံစားချက် ဆိုတာမျိုးက သပ်သပ်ရှိတယ် ။
အဆင်မပြေတာတွေ ပြောပြချင်ရင်တောင်
ကိုယ့်နောက်မှာ ရှိတဲ့ သူတွေ
ကိုယ့်မျက်နှာကိုပဲ ကြည့်နေကြတဲ့သူတွေ
အားငယ်သွားကြမလားဆိုတဲ့စိတ်နဲ့
အဆင်ပြေချင်ယောင်ဆောင်ရတယ် ။
ကြုံရတဲ့ ဝမ်းနည်းမှုတွေ စိတ်သောကတွေကို
မိဘကို ရင်ဖွင့်မယ်ဆိုပြန်တော့လည်း
သူတို့ ကိုယ့်ကြောင့် စိတ်ညစ်သွားမလား
ဆိုတဲ့အတွေးနဲ့ ကိုယ့်ဒုက္ခအကြောင်း
မြိုသိပ်လိုက်ရပြန်တယ် ။
ကြာတော့လေ လူက လူနဲ့ မတူတော့သလိုပဲ
ဘယ်လိုဖြစ်လာလဲဆိုတော့
တစ်ယောက်ထဲ ကြိတ် ဖြေရှင်း
တစ်ယောက်ထဲ အံကြိတ် သည်းခံရင်းနဲ့
လောကမှာ ကိုယ်တစ်ယောက်ထဲပါလားဆိုပြီး
အထီးကျန်သလိုလို ဖြစ်လာတာ ..
ရှင်သန်ရတဲ့ဘဝကြီးကို စိတ်ကုန်လာတာ ။
မပြောရက် မဆိုရက်နဲ့
ဘယ်သူမှ မသိတဲ့ နာကျင်မှုတွေ
ဘယ်သူ့ကိုမှ ရင်မဖွင့်ခဲ့တဲ့ ခံစားချက်တွေ
ချောင်ကပ်ပြီး ငိုရတဲ့ နေ့တွေ
တစ်ယောက်ထဲ ကမ္ဘာပျက်သလိုဖြစ်နေရင်းက
မိသားစုရှေ့မှာဆို သန်မာပြီး ပျော်ရွှင်နေတဲ့
ဘဝမျိုး ပိုင်ဆိုင်ထားသလို နေပြရပြန်တယ် ။
တကယ်ဆို
ငါလည်း အဆင်မပြေဘူး
ငါပျော်နေပေမယ့် အဲဒါ တကယ်မဟုတ်ဘူး
ငါလည်း အားပေးမှု နွေးထွေးမှု လိုနေတယ်
ငါလည်း ဝမ်းနည်းတဲ့အခါ ရှိတယ်
အားလုံးကို ရပ်တန့်လိုက်ချင်တဲ့ အချိန်လည်း ရှိတယ်လို့ ပြောပြချင်တယ် ..
ကြိုးစား ရှင်သန်နေရတာဟာ
သိပ်ကိုပင်ပန်းနေပြီဖြစ်ကြောင်း ဝန်ခံချင်တယ် ။
ဒါပေမယ့် နောက်ဆုံးမှာ
ငါ့မိသားစုမှာက ငါပဲရှိတာ
ငါကတော့ အဆင်ပြေပြေနေပြမှ ဖြစ်မယ်
ငါက ပျော်ရွှင်အောင်နေပြမှ ဖြစ်မယ်ဆိုပြီး
ဆက် အားတင်းရပြန်တယ် ။
အရာအားလုံး အဆင်မပြေရင်တောင်
ငါကတော့ အဆင်ပြေနေမှ ဖြစ်မယ်ဆိုပြီး ..
ဒီတစ်ရက်အတွက် ဆက်ရှင်သန်ခဲ့တယ် ။