43 w - Translate

🔳 အောင်မြင်မှုဖြစ်ဖြစ်၊ ဝမ်းသာစရာဖြစ်ဖြစ် တစ်ခုခု ရလာရင်လည်း ဒီလိုပဲ။ ဥပမာ ငါ ဒီနေ့ ၁၀ မိနစ်တောင် ဆက်တိုက်ပြေးနိုင်ခဲ့တယ် ပြောလို့ “ဟင် ၁၀ မိနစ်လောက်လေးကိုများ စာဖွဲ့နေသေးတယ်၊ ငါဆို ၁၅ မိနစ် အသာလေးပဲ” လို့ ပြန်ပြောခံရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်။

ဟုတ်တယ်၊ ၁၀ မိနစ်က တခြားလူတွေအတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အတွက်ကျ ဟုတ်နေတယ်။ ဟုတ်လို့ ဝမ်းလည်းသာနေတယ်။ အဲဒါလေးကို Sharing လုပ်လိုက်တဲ့အခါ ခုလို ပြန်ပြောလိုက်ရင် အောင့်သက်သက်ကြီး ဖြစ်သွားတာပေါ့။

🔳 ဒါလေးတွေက အမှတ်တမဲ့ကြည့်ရင် ဘာမှ မဟုတ်ဘူး ထင်ရပေမဲ့ ဆက်ဆံရေးတွေမှာ အင်မတန် အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စည်းနှောင်ပေးတယ်။ မိသားစုတွေကို နွေးထွေးစေတယ်။ ပျော်ရွှင်စေတယ်။ အမှားတစ်ခုခု လုပ်မိမှာ ကြောက်နေ၊ ရှိန်နေစရာ မလိုတော့ဘူး။ အပြစ်တင်ခံရမှာ စိုးမနေရတော့ဘူး။ အောင်မြင်မှုတစ်ခုခု ရလာရင်လည်း မျှဝေချင်တယ်။

ဒါကြောင့် မေတ္တာစကားဆိုတတ်ဖို့၊ Appreciate လုပ်တတ်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

🔳 အဲဒီအတွက် ကိုယ့်ရင်ထဲမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ မကြာခဏ ဖြစ်နေအောင် လေ့ကျင့်ထားဖို့တော့ လိုပါတယ်။ မေတ္တာအစား ဒေါသ၊ ကရုဏာအစား နိမ့်ပါးသူကို အနိုင်ယူလိုက်မယ်ဆိုတဲ့ ထောင်လွှားမှု၊ မုဒိတာအစား အတ္တ၊ မာန၊ ဂုဏ်တုဂုဏ်ပြိုင်တွေ များနေရင် ဘယ်လိုနည်းနဲ့မှ ဒီလိုစကားတွေ၊ အသိအမှတ်ပြုမှုတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒေါသထွက်နေရင် အကောင်းပြောဖို့ ဝေးလို့၊ တမင်တကာ အကန်တွေတောင် ပြောမိတတ်ပါသေးတယ်။ အိမ်ထောင်ရေး အဆင်မပြေတဲ့အခါ သားသမီးကို ချီးကျူးဖို့ရာလည်း ခက်သွားတတ်တယ်။

ငွေကြေးသိပ်မပြည့်စုံတဲ့ သူငယ်ချင်းက သူ့ရှိတာလေးနဲ့ ဝယ်ကျွေးတယ်။ အဲဒါကို အသိအမှတ်မပြုဘဲ ငါတို့က ဘယ်ဆိုင်ကမှ စားတာ ဆိုပြီး ပြန်ပြောနေတာဟာလည်း ထောင်လွှားမှု၊ ကြွားဝါမှုတစ်မျိုးပါပဲ။

ဂုဏ်တုဂုဏ်ပြိုင်လုပ်တယ်၊ ကိုယ့်ထက် သာသွားမှာစိုးတယ် ဆိုတာကလည်း သူစိမ်းတွေ မပြောနဲ့၊ မိသားစုဝင် အချင်းချင်းကြား၊ လင်နဲ့မယားကြား၊ နောက်ဆုံး မိဘနဲ့ သားသမီးကြားတောင် ရှိတတ်ပါတယ်။ အဲဒီအခါ အသိအမှတ်ပြုဖို့၊ ချီးကျူးဖို့ ဝေးလို့၊ အပျက်ဘက်ကချည်း ထိုင်ပြောနေမိတော့တယ်။

🔳 ခုပြောခဲ့တဲ့ အချက်တွေဟာ စိတ်ရဲ့ အညစ်အကြေးတွေပါပဲ။ ဒါတွေ ပေစွန်းနေတဲ့အခါ နှုတ်က စကားကောင်း မထွက်တော့ဘူး။ လုပ်ရပ်တွေကလည်း မမှန်တော့ဘူး။ မနောကံဆိုတာ ကာယကံ၊ ဝစီကံရဲ့ ရေသောက်မြစ်ပဲ မဟုတ်လား။ ဒါကြောင့်ပဲ စိတ်က အရေးကြီးဆုံးလို့ ဗုဒ္ဓဝါဒက မှတ်ယူသလို၊ ဗုဒ္ဓအဆုံးအမ တော်တော်များများကလည်း စိတ်ကို အခြေပြုတဲ့ သင်ကြားမှု (Mind-centered Teaching) တွေ ဖြစ်နေတာပါ။

စိတ်သန့်ရှင်းဖို့ဟာ လူခန္ဓာကိုယ် သန့်ရှင်းရေးလိုပဲ။ ဒီနေ့ ရေချိုးပြီးလို့ မနက်ဖြန် ချိုးစရာ မလိုတော့ဘူး မဟုတ်ဘူး။ အမြဲလုပ်နေရမဲ့ကိစ္စ ဖြစ်တယ်။ မလုပ်တာ ကြာလာတာနဲ့အမျှ ညစ်ထေးပြီး အနံ့တွေ ထွက်လာမှာပဲ။ တစ်ပါးသူတွေဆီ ကူးစက်ကုန်မှာပဲ။ ရုပ်သန့်ရှင်းရေးအတွက် နေ့စဉ်မှန်မှန် ရေချိုး၊ အဝတ်လဲကြသလို၊ စိတ်သန့်ရှင်းရေးအတွက်လည်း အချိန်ပေးကြဖို့ လိုပါတယ်။

ဒါမှသာ နှုတ်ကနေ မေတ္တာစကား၊ ချစ်ဖွယ်သောစကားတွေ ထွက်လာနိုင်တာပါ။


ဒေါက်တာ ဖြိုးသီဟ
၅.၅.၂၀၂၄

(မှတ်ချက် - ဒီဆောင်းပါးက လူမုန်းများရင် များပါစေ၊ မှန်တာကို ပြောမယ်ဆိုတဲ့ ရပ်တည်ချက် ခိုင်တဲ့သူတွေ၊ မူသမားတွေကို မရည်ရွယ်သလို၊ နှုတ်ချိုချိုနဲ့ သူတစ်ပါးနောက်ကျော ဓါးနဲ့ ထိုးဖို့လည်း မဟုတ်ပါဘူး။ မေတ္တာအခြေပြု စကားကလေးတွေဆိုရင်း နွေးထွေးပျော်ရွှင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့ပဲ ရည်ရွယ်ပါတယ်)