43 w - Translate

မေတ္တာစကားများ ပြောတတ်ဖို့”

🔳 စိတ်ကောင်းတော့ ရှိပါတယ်၊ အပြောလေးသာ မတတ်တာ ဆိုတဲ့သူတွေနဲ့ တွေ့ဖူး ကြုံဖူးကြမယ် ထင်ပါတယ်။ တကယ်လည်း ဟုတ်တယ်။ သူတစ်ပါးကို ကူညီတတ်တယ်။ စိတ်ကောင်းနှလုံးကောင်း ထားတယ်။ မယုတ်မာဘူး။ မကောက်ကျစ်ဘူး။ အပေးအကမ်း ရက်ရောတယ်။ စကားပြောလိုက်ရင်သာ ပိဿလေးနဲ့ ဘေးပစ် ဖြစ်နေတာ။

အဲဒီလို လူတွေကို နားလည်ဖို့ ကျွန်တော် မကြာခဏလည်း ရေးဖူးတဲ့ "စိတ်ရဲ့ သဘာ၀" ဆိုတာကို သိထားဖို့ လိုတယ်။ စိတ် ဆိုတာ တစ်ခုပြီးတစ်ခု အကြားအလပ်မရှိ ဖြစ်နေတာပါ။ မြစ်ရေနဲ့ ဥပမာတူတယ်။ မနေ့ကလည်း ဒီမြစ်၊ ဒီနေ့သွားကြည့်တော့လည်း ဒီမြစ်။ ရှိနေတယ်လို့ ထင်ရတယ်။ တကယ်က အခု မြင်လိုက်တဲ့ မြစ်ရေသည် ခဏနေရင် မရှိတော့ဘူး။ စီးသွားပြီ။ နောက်ထပ်မြစ်ရေအသစ် ဖြစ်သွားပြီ။

🔳 ဒီလိုပဲ၊ စိတ်ဆိုတာကလည်း ရှိနေတာ မဟုတ်ဘူး။ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတော့ ရှိနေတယ်လို့ ထင်တာ။

စိတ်ကျန်းမာရေးအတွက်ဖြစ်ဖြစ်၊ စိတ်ဖြူစင်ရေးအတွက်ဖြစ်ဖြစ် ဒီသဘောကို အရင်ဆုံး နားလည်ထားဖို့ လိုတယ်။

🔳 ခုနက လူတွေအကြောင်း ပြန်ဆက်ရရင် သူတို့မှာ စိတ်ကောင်းစေတနာ ဖြစ်တဲ့အချိန် ရှိတယ်။ လူတွေ အကူအညီ လိုအပ်နေတာ မြင်ရင် ကရုဏာတွေ ဝင်လာတယ်။ ငါတို့ ဒီလိုမယုတ်မာသင့်ဘူး၊ အမြတ်မထုတ်သင့်ဘူး ဆိုတဲ့ စည်းတွေ ဘောင်တွေ ရှိတယ်။

ဒါပေမဲ့ တချို့အချိန်တွေမှာတော့ ဒေါသတွေ၊ တစ်ဖက်သား နစ်နာအောင်၊ စိတ်ညစ်အောင် ပြောလိုက်၊ လုပ်လိုက်ချင်တာတွေ ရှိတယ်။ အတ္တ၊ မာနကြီးသူတွေ ဖြစ်နေတတ်တယ်။ ဒါမှမဟုတ်လည်း ကိုယ့်ကိုယ်ကိုယ် အလိုမကျတာ၊ ကိုယ့်ဘဝကိုယ် မကျေနပ်တာတွေ ရှိနေတယ်။ အဲဒီအခါ စကားကောင်း ထွက်မလာတော့ဘဲ ရင့်ရင့်သီးသီးတွေ၊ ဒါမှမဟုတ် မပြောလည်းရတဲ့ စကားတွေ ပြောမိကြရော။

🔳 ဥပမာ တစ်ယောက်ယောက်က ဟင်းတွေ ချက်ထားတယ်။ ပုံမှန်စားနေကျ ထမင်းဟင်းထက် ထူးခြားတာ တစ်ခုခုကို ချက်ထားတာမျိုး၊ ချက်လေ့မရှိသူ၊ မချက်တတ်သူက ကြိုးစားပြီး ချက်ထားတာမျိုး​ပေါ့။ အဲဒီအခါ သူတို့ ဘာလိုချင်မယ်၊ ဘာဖြစ်ချင်မယ် ထင်သလဲ။

ချက်ထားတာကို အားပါးတရ စားကြတာ၊ ကောင်းလိုက်တာ ဆိုပြီး ချီးကျူးကြတာကို လိုချင်တာပဲ။

သူ့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတတ်ရင်၊ သူ့ကို စိတ်ချမ်းသာစေချင်ရင် အဲဒီစကားတွေက ထွက်ကို ထွက်တယ်။

ဒါပေမဲ့ အပေါ်ကလို စိတ်အခြေအနေတွေ ဖြစ်နေတဲ့အခါ ဒီလောက်ကလေးတောင် မလုပ်ပေးနိုင်တော့ဘူး။ အဲဒီလိုနဲ့ အသိအမှတ်ပြုဖို့ကို ပျက်ကွက်သွားတတ်တယ်။ ပိုဆိုးရင် အပြစ်ပါတင်မိ၊ ပြောမိတဲ့အထိ ဖြစ်သွားရော။

🔳 တစ်ယောက်ယောက်က လစာထုတ်ရက်မို့ ဝမ်းပန်းတသာနဲ့ အအေးဝယ်တိုက်တယ်။ Delivery လာပို့တဲ့အချိန် နောက်ကျတော့ ရေခဲတွေပျော်ပြီး အရသာက ပေါ့နေပြီ။ ဝယ်တိုက်ရတဲ့သူလည်း မျက်နှာတွေ ပျက်လို့ပေါ့။ ဒါမှမဟုတ် မှာမိလိုက်တဲ့ ဆိုင်က အရသာ မကောင်းတာလည်း ဖြစ်နိုင်တယ်။

အဲဒီအခါ ဘယ်ဆိုင်တွေကနေ မှာမှန်းလည်း မသိဘူးတို့၊ အအေးအရသာတောင် ပျောက်ကုန်ပြီတို့ ပြောနေရင် စေတနာနဲ့ ဝယ်တိုက်ရသူမှာ ဘယ်လိုခံစားရမလဲ။ သူ့အပျော်ကလေး ပျက်သွားမှာပေါ့။

🔳 အဲဒီအစား သောက်လို့ကောင်းတယ်၊ နေပူပူမှာ ရင်ကို အေးသွားတာပဲ စတဲ့ စကားလေးတွေ ပြောပေးရင် ဝမ်းသာရတာပေါ့။ မုသားဖြူ သုံးတယ် ဆိုတာထက် တစ်ဖက်သားရဲ့ စေတနာကို အသိအမှတ်ပြုပေးတဲ့ သဘောလို့ ကျွန်တော်ကတော့ ခံယူတယ်။ တစ်နည်းအားဖြင့် ပြောရရင် မေတ္တာစကားတွေပဲ။

တစ်ခုခု ထောက်ပြချင်၊ အကြံပေးချင်တောင် ပြောလို့ရတဲ့ တခြားအချိန်တွေ အများကြီး ရှိပါတယ်။ ခုချက်ချင်းကြီး ပြောမှ ရတာမှ မဟုတ်တာ။ သူပျော်နေတာလေးကို မပျက်စီးပါစေနဲ့လား။