22 w - Translate

Office ghost
Video လေးနဲ့တွဲကြည့်
" မအုန်းခိုင်၏ ရုံးတွင်းဇာတ်လမ်း "
မအုန်းခိုင်သေပြီဟူသောသတင်းသည် ရုံးကအစည်းအဝေးမစခင်မှာပင် ကောက်ရိုးမီးပမာပျံ့နှံ့သွားလေသည်။
တချို့က မအုန်းခိုင်၏အရည်အချင်းများကိုနှမြောကြသလို
တချို့က မအုန်းခိုင်သေတာကိုပျော်ကြ၏။
အစည်းအဝေးစသောအခါ အပတ်စဉ်လုပ်ငန်းများ မျှော်မှန်းထားသော target များကိုရှင်းလင်းပြသပြီးနောက် မအုန်းခိုင်ကွယ်လွန်ခြင်းကိုဝမ်းနည်းကြောင်း နာရေးကူငွေများထည့်ဝင်ကြမည်ဖြစ်ကြောင်းပြောကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်လေသည်။
ပြဿနာကနောက်တရက်တွင်စသည်။
အမျိုးသမီးအိမ်သာထဲတွင် မအုန်းခိုင်ကိုမြင်လိုက်ရပါသည်ဆိုသော သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
မြင်လိုက်ရပါသည်ဟုဆိုသောအမျိုးသမီးများ၏ထွက်ဆိုချက်အားလုံးသည်
အကုန်တူတူပင်ဖြစ်သည်။
မအုန်းခိုင်သည် ဝမ်းနည်းနေပုံရကြောင်း
တခုခုကိုပြောချင်နေပုံရကြောင်း အလွန်အမင်းပင်ပန်းနေပုံရကြောင်း အသီးသီးထွက်ဆိုကြလေသည်။
ထိုသတင်းများထွက်ပေါ်လာပြီးနောက်ရက်တွင်
ဓာတ်လှေကားထဲ၌မအုန်းခိုင်ကိုတွေ့လိုက်ကြောင်း meeting room ထဲတွင်လူမရှိဘဲစာရွက်လှန်လှောသံများကြားရကြောင်း
ကော်ဖီစက်သည် ဘယ်သူမှမဖျော်ပဲ သူ့အလိုလိုဖျော်နေကြောင်းစသောသတင်းများသည်
ရုံးတရုံးလုံး မကြားချင်မှအဆုံးဖြစ်သွားသည်။
ရုံးကလူများက ဘုန်းကြီးပင့်ပရိတ်ရွတ်ရန်ရည်ရွယ်ကြသော်လည်း CEO ကနိုင်ငံခြားသားဖြစ်နေ၍ ပြောရန်အခက်တွေ့နေကြသည်။
သို့သော် ဗုဒ္ဓဘာသာထုံးစံအရ သရဲဖြစ်နေသူကိုနှင်ရန်လိုကြောင်းသေချာရှင်းပြသောအခါ ခွင့်ပြုလိုက်လေသည်။
မအုန်းခိုင်အတွက် ရည်စူးလှူဒါန်းအမျှဝေပြီးသောအခါ ထူးထူးခြားခြားဘာမှထပ်မတွေ့ရသောကြောင့် မအုန်းခိုင်ကျွတ်ပြီဟုထင်ကာ
တရုံးလုံးဝမ်းသာကြ‌၏။
ရုံးအတွက် မအုန်းခိုင်လုပ်ခဲ့သော ဂရောဂျက်များ
မအုန်းခိုင်စီစဉ်ခဲ့သောကမ်ပိန်းများ မအုန်းခိုင်ဖြေရှင်းခဲ့သောပြဿနာများအား ပြန်လည်အောက်မေ့တမ်းတကြရင်း မြန်မာတို့၏ထုံးစံအတိုင်း သေမှလွမ်းကြပြန်သည်။
တကယ်တော့မအုန်းခိုင်ကိုအောက်မေ့ကြသူများသည် သူမရှိစဉ်က မျက်နှာကြောတည့်ကြသူများမဟုတ် ။ မအုန်းခိုင်၏အတင်းကို group chat ပေါင်းစုံ၌အားရပါးရပြောခဲ့ကြသူများသာဖြစ်သည်။
**************
နောက်တပတ်ကြာသောအခါ ရုံး၌လှုပ်လှုပ်ရှားဖြစ်ပြန်၏။
အကြောင်းမှာ မအုန်းခိုင်ကို meeting room ထဲမှာ ဆံပင်ဖားလျားကြီးနှင့်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ထိုနေ့တွင်ပင် ရုံးဓာတ်လှေကားသည် လူမပါဘဲ ၁၅လွှာတွင်အဖွင့်အပိတ်လုပ်နေသည်ဟူသောသတင်းများလည်း ထွက်ပေါ်လာပြန်သည်။
ဒီတခါတော့ CEO လည်း နေလို့မရတော့ချေ။
ရုံးတွင်း CCTV များအားလုံးကိုစစ်ဆေးကြည့်သောအခါ မအုန်းခိုင်ထိုင်သောခုံပေါ်ရှိပစ္စည်းများသည် ဟိုရွှေ့ဒီရွှေ့ရွှေ့နေသည်ကိုလည်းကောင်း meeting room / training room စသောအခန်းများတွင် လူမရှိဘဲအရိပ်တစ်ခုသည် ပုံမှန်အတိုင်းသွားလာနေသည်ကိုလည်းကောင်း အသီးသီးတွေ့ရသောအခါ
CEO ၏ "အိုးမိုင်ဂေါ့"ဟူသော အာမေဋိတ်အသံကိုပီပီသသကြီးကြားလိုက်ရ၏။
" မအုန်းခိုင်မကျွတ်သေးဘူးဟေ့" ဟူသောစကားသံများ ပြန်လည်ထွက်ပေါ်လာပြီးနောက်တွင်မူ မည်သူမှ ရုံးချိန်ကျော်တဲ့အထိအလုပ်မလုပ်ကြတော့ပေ။
ဒါပေမယ့် သရဲမကြီးမအုန်းခိုင်က မည်သူ့ကိုမှတော့ ခြောက်လှန့်ခြင်းမရှိ။ သူ့ဟာသူနေတဲ့ပုံမျိုးဖြစ်သည်။ ရုံးမဆင်းဘဲ အလုပ်ဆက်လုပ်နေသည်ဟု ထင်ရလေသည်။
CEO က သူကိုးကွယ်သောဘာသာမှ အကြီးအကဲများကိုခေါ်ကာ ကျမ်းစာဖတ်ခြင်း သရဲနှင်ခြင်းများလုပ်သော်လည်း မအုန်းခိုင်ကမဖြုံရေးချမဖြုံ
သွားမြဲလာမြဲပင်ရှိနေဆဲ။
*******
ဤသို့ဖြင့် နှစ်တဝက်ရောက်လာပြီဖြစ်သည်။
Bonus ပေးရမည့်စာရင်းတွင်မအုန်းခိုင်ရမည့် bonus ကအများဆုံးဖြစ်နေသည်။
သူသေသွားသော်လည်း သူ့ bank account ကို
သူမ၏မိသားစုများက ပြောင်းလဲလွှဲယူပြီးဖြစ်သောကြောင့်
အစည်းအဝေးတွင် တချို့လူကြီးများက
မအုန်းခိုင်မရှိတော့သဖြင့် သူမရရှိမည့် bonus ကို မပေးနိုင်ကြောင်းပြောဆိုကြလေသည်။
ထိုအခါ အခန်းတံခါးသည် တခုခုကအရှိန်ပြင်းပြင်းဆောင့်ကန်လိုက်သလို "ဒုန်း" ခနဲမြည်သွား၏။
တချို့လူကြီးများကမူ သူမသေသွားသော်လည်း
ရသင့်ရထိုက်သည်များကိုပေးရန်လိုအပ်ကြောင်း မိသားစုကိုကြည့်ရှုန်လိုအပ်ကြောင်း အကြံပြုလေသည်။
ရုံးတွင်းလူများမှာမူ ရသင့်ရထိုက်သည်ကိုပေးရမည်ဖြစ်ကြောင်း ဒါမှသာ မအုန်းခိုင်စိတ်ချမ်းသာမည်ဖြစ်ကြောင်း ဝိုင်းအုံပြောကြ‌ပြန်၏။
နောက်ဆုံးတွင် မအုန်းခိုင်အတွက်ရသင့်ရထိုက်သော bonus အားပေးရန်ဆုံးဖြတ်လိုက်လေသည်။
" ကဲ ကဲ မအုန်းခိုင်ရေ ခင်ဗျားရမယ့် bonus ကို
ခင်ဗျားမိသားစုကိုပေးလိုက်ပါ့မယ်
နောက်ထပ်အပို သိန်း၅၀ကိုလည်း
ခင်ဗျားမိသားစုကိုထောက်ပံ့လိုက်ပါ့မယ်
ဒါဆို ကျေနပ်ပြီမဟုတ်လား ကျုပ်တို့လည်းအလုပ်ကောင်းကောင်းလုပ်ပါရစေတော့ " ဟု
မအုန်းခိုင်စားပွဲအနီးတွင် အားလုံးဝိုင်းကာပြောကြလေသည်။
ထိုစဉ် ချက်ချင်းပင် အခန်းထဲမှအရိပ်မည်းကြီးတခုသည် အခန်းပြင်ပသို့အရှိန်နှင့်ပြေးထွက်သွားကာ မအုန်းခိုင်၏စားပွဲပေါ်မှပစ္စည်းများသည်
မည်သူမှမထိရဘဲ အောက်သို့ပြုတ်ကျကုန်သည်။
မှန်တံခါးအကျော်နေရာမှ " ငါသွားပြီဟေ့" ဟူသော မအုန်းခိုင်၏အသံကြီးကို တရုံးလုံးက နားနှင့်ဆက်ဆက် ပီပီသသကြီးကြားလိုက်ရလေသည်။
******
မအုန်းခိုင် ရုံးမှာမရှိတော့သည့်နောက်ပိုင်း
ရုံးတွင် အလုပ်ကြိုးစားသူများကို
" မအုန်းခိုင်လိုဖြစ်မယ်နော် " ဟု အချင်းချင်းစကြနောက်ကြလေသည်။
ထူးခြားသည်က
မအုန်းခိုင်ထိုင်သောစားပွဲတွင် နောက်ထပ်အသစ်ရောက်လာသောသူကား မအုန်းခိုင်ထက်အလုပ်ပိုလုပ်၏။ energy အပြည့်နှင့်ရုံးလာ၏။
motivation အပြည့်နှင့်အလုပ်လုပ်၏။
"တရုံးလုံးကိုသူကယ်တင်ရမည်
သူရှိမှ production ပိုကောင်းမည်"ဟု သတ်မှတ်ထားပုံရ၏။
သူမနာမည်က
"မခိုင်အုန်း"ဖြစ်သည်။
Credit to Min Yel Kyaw Swar